ကိုယ်ဝန်ဆောင်ဆီးချို ဆိုတာဘာလဲ
ယခင်က ဆီးချိုရောဂါမရှိပါပဲ ကိုယ်ဝန်ဆောင်စဉ်အချိန်ကျမှ သွေးတွင်းသကြားဓာတ်များနေခြင်းကြောင့် စတင်ဖြစ်ပွားသော ဆီးချိုရောဂါ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ဆီးချို ဘာကြောင့် ဖြစ်ရသလဲ
ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ထွက်လာသောဟော်မုန်းအချို့ (estrogen, cortisol, human placental lactogen)သည် အင်ဆူလင်ဟော်မုန်း၏ ပုံမှန်လုပ်ဆောင်မှု ဖြစ်သည့် သွေးတွင်း သကြားထိန်းညှိပေးသော လုပ်ဆောင်ချက်ကို ဆန့်ကျင် တားဆီးပါသည်။ အင်ဆူလင်ဟော်မုန်း လုပ်ဆောင်မှုကို ဆန့်ကျင်သောကြောင့် လိုအပ်သော ဆဲလ်များသို့ သကြားမရောက်ပဲ သွေးတွင်းသကြားဓာတ်ကို မြင့်တက်လာစေပြီး ကိုယ်ဝန်ဆောင်ဆီးချိုကို ဖြစ်ပေါ်စေပါသည်။
ဘယ်လိုလူတွေမှာ ကိုယ်ဝန်ဆောင်ဆီးချိုအဖြစ်များလဲ
အရပ်နှင့် ကိုယ်အလေးချိန် အညွှန်းကိန်း (BMI>30) ၃၀ နှင့်အထက်ရှိသော အမျိုးသမီးများ
- အသက်၂၅နှစ်နှင့်အထက် ကိုယ်ဝန်ဆောင်မိခင်များ
- ၉ ပေါင်ကျော်သော ကလေးမွေးဖွားဖုူးသုူအမျိုးသမီးများ
- ယခင်ကိုယ်ဝန်ဆောင်စဉ်တွင် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ခဲ့ဖူးခြင်း
- မျိုးရိုးတွင် ဆီးချိုရောဂါရှိခြင်း
- သားပျက်သားလျှော ဖြစ်ဖူးသူများ
ကိုယ်ဝန်ဆောင်ဆီးချိုရှိမရှိကို ဘယ်အချိန်မှာစစ်ဆေးသင့်သလဲ
ပုံမှန်အားဖြင့် ကိုယ်ဝန်ကာလ နှောင်းပိုင်းရောက်မှသာ အချင်းမှ အင်ဆူလင် ဆန့်ကျင်သော ဟော်မုန်းများကို ပိုထုတ်လုပ်သောကြောင့် ကိုယ်ဝန်ဆောင်ဆီးချို ရှိမရှိ ကို ကိုယ်ဝန်ဆောင်ကာလ ၂၄ပတ် မှ ၂၈ပတ်အတွင်း စမ်းသပ် စစ်ဆေးပါသည်။
ကိုယ်ဝန်ဆောင်ဆီးချိုရှိမရှိ ဘယ်လိုသိနိုင်မလဲ
ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ချေ နည်းလျှင် ကိုယ်ဝန်၂၄-၂၈ပတ် ရောက်မှသာ Oral Glucose Tolerance Test (OGTT)ဟု ခေါ်သည့် အချိုရည် သောက်ပြီး သွေးစစ်ခြင်းဖြင့် သိနိုင်ပါသည်။
OGTT Test ဆိုတာ သွေးစစ်မည့် မနက်မတိုင်မီ တစ်ညအလိုတွင် (အနည်းဆုံး ၈နာရီ) အစားမစားရပါ။ သွေးစစ်မည့် နံနက်တွင် ၇၅ဂရမ် ပမာဏ ရှိသော သကြားကို ရေ ၂၀၀စီစီ တွင် ဖျော်၍ သောက်ခိုင်းရပါမည်။
အချိုရည်မသောက်မီ၊ အချိုရည်သောက်ပြီး ၁နာရီအကြာ၊ အချိုရည်သောက်ပြီး ၂နာရီအကြာ စသည်ဖြင့် သွေးတွင်းသကြားဓာတ်ကို အဆင့်ဆင့် ဖောက်စစ်ခြင်း ဖြစ်ပါသည်။
ကိုယ်ဝန်ဆောင်ဆီးချို အထိန်းမကောင်းလျှင် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနိုင်သလဲ
မိခင်တွင် ကိုယ်ဝန် ဆိပ်တက်ခြင်း၊သားပျက်သားလျှောခြင်း၊ လမစေ့ပဲမွေးဖွားခြင်း၊ မွေးလမ်းကြောင်း ချဲဲ့မွေးရခြင်းကြောင့် မွေးလမ်းကြောင်း ဒဏ်ရာရခြင်း၊ ခွဲစိတ်မွေးဖွားရခြင်း။ ကလေးတွင် မွေးရာပါ ချို့ယွင်းချက်များ ပါလာခြင်း၊ ရေမွှာရေများခြင်းကြောင့် စောစီးစွာ မွေးရခြင်း၊ ကလေး ကြီးထွား လွန်ခြင်း၊မွေးကင်းစ သေနှုန်းများ ခြင်း၊ မွေးပြီးစကလေး၏ သွေးတွင်းအချိုဓာတ် ကျခြင်း၊ အသားဝါ ခြင်းကြောင့် နောက်ဆက်တွဲ ကုသမှုများ ခံယူရခြင်း စတဲ့ ဆိုးကျိုးများစွာ ရနိုင်ပါသည်။
ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ခဲ့လျှင် အထိန်းကောင်းအောင် ဘယ်လိုကုသမလဲ
- အာဟာရ ပြည့်စုံမျှတစွာ ပါဝင်သော စားသောက်မှုပုံစံဖြင့် ကုသခြင်း
အစာစားချိန်ကို စနစ်တကျ သတ်မှတ်ကာ မနက်စာ၊ နေ့လည်စာ၊ ညနေစာအပြင် အဆာပြေကို အချိန် သတ်မှတ် စားသုံးပေးခြင်း ကစီဓာတ် ကြွယ်ဝသော ဆန်၊ဂျုံ၊ကောက်နှံ တို့ဖြင့် ပြုလုပ်ထားသော အစားအစာများကို ပမာဏ ထိန်းစားပေးခြင်း သကြားတက်နှုန်း နှေးစေသည့် အမျှင်ဓာတ် ကြွယ်ဝသောအစားအစာများ (ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိူး)ကို ထည့်သွင်း စားသုံးပေးခြင်း အသားဓာတ် ကြွယ်ဝသော အသား၊ငါး၊ကြက်ဥ၊ဘဲဥ၊ နို့နှင့်နို့ထွက်ပစည်းများကို ပိုမို စားသုံးပေးခြင်း သွေးတွင်း သကြားဓာတ် တက်နှုန်းမြန်သည့် အစားအစာများ (High Glycemic Index Foods) (ဥပမာ-ကောက်ညှင်းဆန်၊ကောက်ညှင်းဖြင့်ပြုလုပ်ထားသောအစားအစာများ၊ ကောက်ညှင်းပြောင်း၊ အာလူး ၊ပိန်းဥ၊ အာတာလွတ်ဥ၊ ပဲမြစ် အစရှိသည့် ကစီဓာတ်ကြွယ်ဝသော သစ်ဥသစ်ဖုများကို ရှောင်ခြင်း အချိုလွန်ကဲထားသော စားသောက်ကုန်၊ အချိုရည်၊ သစ်သီးဖျော်ရည်များ) ကိုရှောင်ခြင်း ပြည့်ဝဆီနှင့် အသွင်ပြောင်းဆီ ပါဝင်သော အစားအစာများကို ရှောင်ကျဉ်ခြင်းဖြင့်လည်း ကိုယ်ဝန်ဆောင် အဝလွန်ခြင်းကိုလည်း ကာကွယ်နိုင်မည် ဖြစ်ပါသည်။ - ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးခြင်း
အစာစားပြီး [ ၁၅ မိနစ်ခန့် ] ၁ရက်လျှင် ၃ကြိမ် လမ်းလျှောက်ပေးခြင်းဖြင့် နေ့စဉ်အနည်းဆုံး ၃၀-၄၅ မိနစ်ခန့် ကိုယ်လက်လှုပ်ရှားမှုရှိခြင်းဟာ အကောင်းဆုံး ဖြစ်ပါသည်။ - ဆေးဝါးဖြင့် ကုသခြင်း
အစားအသောက်နှင့် ကိုယ်လက်လှုပ်ရှားမှု နည်းလမ်းများဖြင့် ကုသသော်လည်း ဆီးချိုဓာတ် များနေသောသူများက်ို သောက်ဆေး Metformin (သို့) ထိုးဆေး (အင်ဆူလင်) ဖြင့် ရက်ချိန်းမှန်မှန် ပြသခြင်းဖြင့် ကုသနိုင်ပါသည်။
သွေးတွင်း သကြားဓာတ်ကိုလည်း အစာမစားမီ (<5.3 mmol/L)၊ စားပြီး၁နာရီအကြာ (<7.8 mmol/L) ဖြစ်အောင် ထိန်းထားသင့်ပါသည်။
ဆီးချိုကြောင့် မျက်လုံးထိခိုက်ခြင်းသည် ကိုယ်ဝန်ဆောင်ဆီးချိုတွင် ထိခိုက်မှု ပိုများသောကြောင့် မျက်စိစစ်ဆေးခြင်း ပြုလုပ်သင့်ပါသည်။
ကိုယ်ဝန်ဆောင်ဆီးချိုကို ပျောက်ကင်းအောင် ကုသလို့ရပါသလား
ကလေးမွှေးဖွားပြီးလျှင် သူ့အလိုလို ပျောက်သွားနိုင်ပါသည်။ သို့သော် နောက်ထပ် ကိုယ်ဝန်တွင် ပြန်ဖြစ်နိုင်ချေ ရှိပြီး ကိုယ်အလေးချိန်နှင့်် အစားအသောက် မထိန်းပါက နောက်၅နှစ်အတွင်း အမျိုးအစား၂ဆီးချို (Type2 Diabetes) ဖြစ်ပွါးနိုင်ချေရှိကြောင်း သုတေသနများရှိပါသည်။
မွေးပြီးရင် ဘာတွေ ဆက်လုပ်သင့်သလဲ
မွေးပြီး မိခင်နို့တိုက်ကျွေးခြင်းသည် အင်ဆူလင်ဆန့်ကျင်ခြင်းကို လျော့ကျစေပြီး နောက်ဆက်တွဲ ဆီးချိုဖြစ်ပွားမှုကို လျော့ကျစေပါသည်။
မွေးပြီး ၆ပတ် နှင့် ၁၃ပတ်အကြာတွင် OGTT test ပြန်စစ်ရပါမည်။ ၁နှစ်၁ခါ ဆီးချိုဖြစ်နိုင်ချေ ရှိမရှိ စစ်ဆေးသင့်ပါသည်။ ရက်ချိန်းမပြည့်ခင် ဆီးခဏခဏသွားခြင်း၊ ရေငတ်ခြင်း၊ မောပန်းလွယ်ခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် ချက်ချင်းပြန်ပြရန်။ အစားအသောက်နှင့် ကိုယ်လက်လှုပ်ရှားမှု၊ ကျန်းမာသော လူနေမှုဘဝ ပုံစံဖြင့် ကိုယ်အလေးချိန်ကို ဆက်လက် ထိန်းသိမ်းရန်။
နောက်ထပ် ကိုယ်ဝန်ဆောင်မည်ဆိုပါက
ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးသူ ဖြစ်ပါက နောက်ကိုယ်ဝန်မယူခင် ဆီးချိုရှိမရှိ ဆရာဝန်နှင့် အရင်ဆုံး စစ်ဆေးသင့်ပါသည်။
ဆီးချို ဖြစ်ခဲ့ပါက ၃လစုပေါင်း အချိုဓာတ် (HbA1C<6.5) ၆.၅ အောက် အထိန်းကောင်းအောင် ကုသပြီးမှသာ ကိုယ်ဝန်ထပ်မံ ဆောင်သင့်ပါသည်။
ကိုယ်ဝန်မယူခင်၂လအလိုမှစပြီး ကိုယ်ဝန်ပထမ၃လ အထိ နေ့စဉ် ဖော်လစ်အက်ဆစ် Folic Acid ဖြည့်စွက်အားဆေး 400 micrograms(0.4 mg) သောက်သုံးသင့်ပါသည်။
Dr May Phoo Zun
Clinical Nutritionist (အာဟာရ ဆရာဝန်)
AFN Registered Associate Nutritionist
M.B.,B.S (YGN), M.Sc Human Nutrition with Clinical Nutrition Specialization (University of Glasgow, UK)
Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111
Centers & Clinics
Specialties
24 hour services