July 29, 2022

ပြည့်ဝ မှန်ကန်သော အာဟာရဖြစ်အောင် စားသုံးမှုသည် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အတွက် အမှန်တကယ် အရေးကြီးရုံ သာမက ရင်သွေးငယ်၏ ကျန်းမာဖွံ့ဖြိုးမှု အတွက်ပါ လွန်စွာ အရေးပါလှပါသည် ။

ဒီလို အရမ်း အရေးကြီးလှတဲ့အချိန်မှာ သိသင့်တဲ့ ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန် ပမာဏများ အကြောင်းကို ဝေမျှ ပေးသွားမှာပဲ ဖြစ်ပါတယ် ။

ကိုယ်ဝန်ဆောင် ကာလအတွင်းမှာ ကိုယ်အလေးချိန် ဘယ်လောက်တက်သင့်သလဲ။

  • ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ တက်သင့်သည့် ကိုယ်အလေးချိန်ပမာဏသည် ထိုအမျိုးသမီး၏ ကိုယ်ဝန်မဆောင်ခင်မှာရှိတဲ့ အရပ်နှင့် ရှိသောကိုယ်အလေးချိန် အညွှန်းကိန်း ( Body Mass Index or BMI )ပေါ် မူတည်နေပါတယ်။ ယေဘူယျ အားဖြင့် ပုံမှန် ကိုယ်အလေးချိန် ရှိသောသူများအနေနှင့်
  • ကိုယ်ဝန်ပထမ ၃လတွင် စုစုပေါင်း ကိုယ်အလေးချိန် ၁ပေါင် မှ ၄.၅ပေါင် ထိတက်ပြီး
  • ဒုတိယ ၃လတွင် ၁ပတ်ကို ၁-၂ ပေါင်နှုန်းဖြင့်တက်ပြီး
  • တတိယ၃လတွင် ၁-၂ ပေါင်နှုန်းဖြင့် တက်ပါသည်။ ( ဖော်ပြပါ ပုံလေးမှာ ဇယားလေးနဲ့ အကျယ်တဝန်း ဖော်ပြပေးထားပါတယ် )

ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်သည် သတ်မှတ်ထားသော ကိုယ်အလေးချိန်တက်ဖို့ ဘာကြောင့် အရေးကြီးသလဲ

  • ကိုယ်ဝန်ဆောင်ကာလအတွင်း သတ်မှတ်ထားသော စံနှုန်းအလိုက် ကိုယ်အလေးချိန် တက်ခြင်းသည် ကိုယ်ဝန်ဆောင်မိခင်၏ ကျန်းမာရေးအတွက် သာမက မွေးဖွားလာမည့် ရင်သွေးငယ်၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုအတွက်ပါ အလွန် အရေးပါပါသည် ။
  • ကိုယ်ဝန်ဆောင်မိခင်သည် ပုံမှန်တက်သင့်သည့် ကိုယ်အလေးချိန် ပမာဏထက် နည်းနေပါက ကလေးငယ် ပေါင်မပြည့်ခြင်း (<၅.၅ပေါင်)၊ လမစေ့ဘဲ စောမွေးခြင်း၊မွေးဖွားလာသော ကလေးငယ်တွင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နိုင်ပါသည်
  • တက်သင့်တဲ့ ပမာဏထက် ကျော်လွန်ပါကလည်း မွေးဖွားလာမည့် ရင်သွေးငယ် ပုံမှန်ထက် ကြီးနေခြင်းကြောင့် မွေးဖွားရာတွင် အခက်အခဲရှိခြင်း၊ ရိုးရိုးမွေးဖွားရန် မလွယ်ကူသောကြောင့် ခွဲ၍ မွေးရခြင်း၊ ကိုယ်ဝန်ဆောင် ဆီးချို အဖြစ်များခြင်း၊ ကိုယ်ဝန်ဆောင် သွေးတိုးရောဂါ၊ ကလေးငယ် အဝလွန်ခြင်းနှင့် မိခင်တွင်လည်း မွေးဖွားပြီးနောက်ပိုင်း ကိုယ်အလေးချိန်များခြင်း၊ ကိုယ်အလေးချိန် ချရ ခက်ခဲခြင်း၊ ထိုမှတဆင့် အဝလွန်ရောဂါနှင့် အဝလွန်နှင့်ဆက်စပ်သည့် နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်နိုင်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်ဟာ ၂ယောက်စာ၂ဆ စားရန် လိုအပ်ပါသလား

  • ပုံမှန်အရပ်နှင့် ကိုယ်အလေးချိန် အညွှန်းကိန်း (BMI) ရှိသော ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်သည် ကိုယ်ဝန်ပထမ၃လတွင် စားသုံးသင့်သော ကယ်လိုရီလိုအပ်ချက် ပမာဏ မပြောင်းလဲပဲ ကိုယ်ဝန်မဆောင်မီ စားသုံးနေကျ ကယ်လိုရီပမာဏ အတိုင်းသာ ဆက်လက် စားသုံးသင့်သည်။
  • ကိုယ်ဝန် ဒုတိယ၃လတွင် ကယ်လိုရီ ၃၄၀ အပိုဆောင်း စားရန် လိုအပ်ပြီး ကိုယ်ဝန်တတိယ၃လတွင် ကယ်လိုရီ ၄၅၀ အပိုထပ်စားရန် လိုအပ်ပါသည်။

အပိုဆောင်း ထပ်လိုအပ်သော ကယ်လိုရီပမာဏ ရရှိအောင် ဘယ်လိုစားသုံးသင့်သလဲ

  • အပိုဆောင်း ထပ်မံလိုအပ်သော ကယ်လိုရီ ရရှိမှုသည် အာဟာရဓာတ်များ ပြည့်စုံမျှတစွာ ပါဝင်ပြီး အသားဓာတ်နှင့် ကယ်လ်စီယမ်ကြွယ်ဝသော အသား၊ ငါး၊ ပင်လယ်စာ၊ နို့နှင့်နို့ထွက် ပစ္စည်းများ၊ ဗီတာမင်နှင့် အမျှင်ဓာတ်များ ပါသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စားသုံးမှုမှ ရရှိသော ကယ်လိုရီသာဖြစ်သင့်ပါတယ်။
  • အချိုနှင့်် အဆီပါဝင်မှု လွန်ကဲသော ကိတ်မုန့်၊ အချိုမုန့်များ၊ ဆီကြော်မုန့်များ၊ အချိုရည်များ၊ အသင့်စား စားသောက်ကုန်များကြောင့် မလိုလားအပ်သော ကိုယ်အလေးချိန် အဆမတန် များခြင်း၊အဝလွန်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒေါက်တာ မေဖူးဇွန်

{ အာဟာရ ဆရာဝန် }

Registered Associate Nutritionist, UKVRN

M.B.,B.S(YGN), M.Sc in Human Nutrition with Clinical Nutrition Specialization (Glasgow)

Official Facebook Page - https://m.facebook.com/grandhantha/

Grand Hantha Website - www.grandhantha.com

နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

01 231 7617, 01 523 000, 01 523 111