အဆီဓာတ်သည် ကိုယ်ခန္ဓာ အတွင်းပိုင်း အနွေးဓာတ်ပေးခြင်း၊ အရေးကြီးသော ကိုယ်တွင်းအစိတ်အပိုင်းများ မထိခိုက်အောင် ကာကွယ်ပေးခြင်း၊ အဆီတွင် ပျော်ဝင်သော ဗီတာမင်များ (Vitamin A, D, E, K) နှင့် အမျိုးသား၊ အမျိုးသမီး ဟော်မုန်းထုတ်လုပ်ခြင်း စသည်တို့အတွက် အရေးပါသော အစာအုပ်စုကြီး တစ်ခု ဖြစ်ပါတယ်။
အစားအစာများမှ ရရှိသော အဆီအမျိုးမျိုးရှိသည့် အနက် -
- ကျန်းမာရေးအတွက် ကောင်းသောအဆီ နှင့်
- မကောင်းသောအဆီ ဟူ၍ ၂ မျိုး ခွဲထားပါတယ်။
ဆီးချိုလူနာများ စားသုံးရန် မသင့်သော အဆီအမျိုးအစားမှာ ပြည့်ဝဆီ နှင့် အသွင်ပြောင်းဆီ တို့ ဖြစ်ပါတယ်။
ပြည့်ဝဆီ (saturated fats) နှင့် အသွင်ပြောင်းဆီ (trans fat) များဟာ -
- သွေးတွင်းရှိ မကောင်းသောအဆီများဖြစ်တဲ့ LDL cholesterol & Triglycerides (ထရိုင်ဂလစ်စရိုက်) ကို တက်စေတဲ့အပြင် ကောင်းသောအဆီ (HDL cholesterol)ကို နည်းစေသောကြောင့် နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ရောဂါတို့ကို ဖြစ်စေပါတယ်။
- အင်ဆူလင် ဟော်မုန်းလုပ်အားကိုပါ ကျစေပြီး အင်ဆူလင် အလုပ်မလုပ်ခြင်း (insulin resistance)ကြောင့် သွေးတွင်း သကြားဓာတ်တက်လာခြင်း၊ ဆီးချိုသွေးချို ရောဂါလည်း ဖြစ်စေနိုင်ပါတယ်။
ပြည့်ဝဆီ ပါဝင်သော အစားအစာများမှာ-
- အနီရောင်ရှိသော အသားများ ဖြစ်တဲ့ (ဝက်သား၊ ဆိတ်သား၊ အမဲသား)၊ ဝမ်းတွင်း ကလီစာများ၊အရေခွံများ၊ ကြက်/ဝက်အူချောင်း/ဝက်သားပြား၊ ထောပတ်၊ ချိစ်(cheese)၊ မာဂျရင်း (margarine) အသင့်စားခေါက်ဆွဲ/ ကြာဆံထုပ် (instant noodles)၊ ကော်ဖီမိတ်(coffee mate,non-dairy creamer)၊ နို့ဆီ၊ နို့စိမ်း၊ အသင့်သောက် ကော်ဖီ၊လက်ဖက်ရည်ထုပ်များ၊ ရယ်ဒီမိတ် စားသောက်ကုန်များ တို့ဖြစ်ပါတယ်။
- ပြည့်ဝဆီ စားသုံးမှုဟာ တစ်ရက်မှာ ကိုယ်စားနေတဲ့ စုစုပေါင်းကယ်လိုရီ၏ ၁၀%ထက် မပိုသင့်သောကြောင့် ၁၅၀၀ကယ်လိုရီ စားသုံးသည့် လူတစ်ဦးအတွက် အတွက်ဆိုလျှင် ပြည့်ဝဆီ စားသုံးမှု ကယ်လိုရီသည် ၁၅၀ ကယ်လိုရီ (၁၆ ဂရမ်) ထက် မကျော်သင့်ပါ။
အသွင်ပြောင်းဆီ ပါတဲ့အစားအစာများမှာ -
- ပြန်ကြော်ဆီ အစားအစာများ (အီကြာကွေး၊ စမူဆာကြော်၊ ဘယာကြော်၊ ဖက်ထုပ်ကြော်၊ အာလူးချောင်းကြော်)၊ ကိတ်မုန့်၊ဒိုးနပ်၊ရေခဲမုန့်၊ fast food များဖြစ်တဲ့ ကြက်ကြော်၊ ပီဇာ၊ ဟမ်ဘာဂါ တို့်ဖြစ်ပါသည်။
- အသွင်ပြောင်းဆီ စားသုံးမှုဟာတစ်ရက်ကို ၂ဂရမ်ထက် မပိုသင့်သောကြောင့် ကယ်လိုရီအားဖြင့် ၂၀ကယ်လိုရီထက် ပိုမစားသင့်ပေ။
ဆီးချိုလူနာများ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုအဆီ အမျိုးအစားကို ရွေးပြီး စားသုံးမလဲ?
Unsaturated Fats ဟုခေါ်သော မပြည့်ဝဆီတွင် Monounsaturated Fatty Acids (MUFAs) နှင့် Polyunsaturated Fatty Acids (PUFAs) တို့ ပါဝင်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အဆီအမျိုးအစား အဖြစ် သတ်မှတ်ထားပါသည်။
မိုနို မပြည့်ဝဆီ (Monounsaturated Fats) ကြွယ်ဝသောအစားအစာများမှာ -
ထောပတ်သီး၊ အခွံမာသီး (Macadamia)၊အပင်နှင့်အစေ့အဆံများမှထုတ်လုပ်ထားသောအဆီများ (နေကြာဆီ၊ သံလွင်ဆီ၊ မြေပဲဆီ၊ ပဲပိစပ်ဆီ၊ သံလွင်ဆီ၊ နှမ်းဆီ၊ ကန်နိုလာဆီ) တို့ဖြစ်ပါသည်။
ပေါ်လီ မပြည့်ဝဆီ (Polyunsatruated Fats) ကြွယ်ဝသောအစားအစာများမှာ - အိုမီဂါ-၃ ဖက်တီးအက်ဆစ် အထူးကြွယ်ဝသော အဆီများသောပင်လယ်ငါးများ (ငါးတန်၊ ငါးမြင်း၊ ငါးကြင်း၊ဆော်လမွန် ၊ တူနာ၊ ဆာဒင်း)၊ နှမ်းကြတ်စေ့(Flax seed)၊ အိုမီဂါ-၆ ဖက်တီးအက်ဆစ် အထူးကြွယ်ဝသော နေကြာစေ့၊ ဖရုံစေ့၊ သစ်ကြားစေ့၊ နှမ်းစေ့၊ သီဟိုစေ့၊ ဗာဒံစေ့၊ ပဲပိစပ်ဆီ၊ နေကြာဆီ၊ ပြောင်းဖူးဆီ နှင့် တိုဟူး၊ ပဲပြားတို့ဖြစ်ပါသည်။
ဒေါက်တာ မေဖူးဇွန် ( အာဟာရ ဆရာဝန် )
M.B.,B.S(YGN), M.Sc in Human Nutrition with Clinical Nutrition Specialization (Glasgow, UK)
ဂရန်း(ဒ်)ဟံသာဆေးရုံကြီးတွင် အာဟာရဆိုင်ရာ ကျန်းမာရေး ကိစ္စအဝဝတို့ကို နေ့စဉ် တိုင်ပင် ဆွေးနွေး ကုသ အကြံပေးလျက်ရှိပါတယ်။
Official Facebook Page - https://m.facebook.com/grandhantha/
Grand Hantha Website - www.grandhantha.com
Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111