January 25, 2023

သံဓာတ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်အတွက် အရေးကြီးသော အာဟာရဓာတ် တစ်မျိုးဖြစ်ပါတယ်။

သံဓာတ်မပြည့်ဝတဲ့ လူတစ်ယောက်မှာ ဆိုလျှင် ကိုယ်ခံအားကျဆင်းပြီး ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ဘက်တီးရီးယား၊ ဗိုင်းရက်စ် ရောဂါပိုးမွှားတွေကို ကောင်းစွာ မတိုက်ထုတ်နိုင်ပဲ အလွယ်တကူ ဝင်လွယ်ခြင်းကြောင့် အဲလူဟာ ခဏခဏ နေမကောင်းဖြစ်တာ ၊ ပိုးသတ်ဆေးတွေ သောက်ရတာ ကျန်းမာသန်စွမ်းမှုမရှိ ဖြစ်တာမျိုးတွေကြောင့် သံဓာတ် ပြည့်ဝနေဖို့ လိုအပ်ပါတယ်။

သံဓာတ်သည် ခန္ဓာကိုယ်အတွက် အရေးကြီးသော သတ္တုဓာတ် တစ်မျိုး ဖြစ်ပါတယ်။

-သွေးနီဥ ဖွဲ့စည်းတည်ဆောက်မှု အတွက်အရေးပါခြင်း

-DNA ဖွဲ့စည်းခြင်း

-ခန္ဓာကိုယ်တစ်ခုလုံးရှိ ကိုယ်တွင်းအင်္ဂါ၊ အစိတ်အပိုင်းအားလုံးနှင့် တစ်ရှူး၊ ဆဲလ်များဆီသို့အောက်ဆီဂျင် ရရှိရန် ပို့ဆောင်ပေးခြင်း

-ကိုယ်ခံအားစနစ် ကျန်းမာသန်စွမ်းဖို့အတွက်လည်း သံဓာတ်ကို အထူးလိုအပ်ပါတယ်။

သံဓာတ်ကို အထူးတလည် ဖြည့်တင်း စားသုံးရန် လိုအပ်သူများကတော့ -

  • ကလေးငယ်များ
  • အပျိုဖော်ဝင်စ အမျိုးသမီးများ
  • ရာသီသွေးဆင်းများသော အမျိုးသမီးများ
  • ကိုယ်ဝန်ဆောင်မိခင်များ
  • နို့တိုက်မိခင်များ
  • မကြာခဏ သွေးလှူပြီး သံဓာတ်ပါသော အစားအစာများကို လုံလောက်အောင် ပြန်မစားသော သွေးအလှူရှင်များ ဖြစ်ပါတယ်။

ခုဆို သံဓာတ်ရဲ့ အရေးပါပုံတွေ သိသွားပြီဆိုတော့ သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာများကို ပြောပြမယ်နော်။

  • ကလေးတွေမှာ ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးခြင်း၊
  • ကိုယ်ခံအားနည်းခြင်းကြောင့် မကြာခဏ နေမကောင်းဖြစ်ခြင်း၊
  • ကျောင်းစာ မလိုက်နိုင်ခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း၊ အမူအကျင့်ပိုင်းဆိုင်ရာ ပြသနာများ ဖြစ်တတ်ခြင်း၊
  • ၂နှစ်အောက် ကလေးငယ်တွေမှာဆိုရင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။
  • သက်လတ်ပိုင်းလူတွေမှာ သွေးအားနည်းခြင်း ပြင်းထန်ပါက သွေးအားနည်းခြင်းကြောင့် နှလုံးအလုပ်မလုပ်ခြင်း (Anemic Heart Failure)
  • ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ဆိုရင် မိခင်ဟာသွေးအားနည်းခြင်းကြောင့် သွေးသွင်းရခြင်း၊ လမစေ့ပဲ စောမွေးခြင်း၊ မွေးကင်းစကလေး ပေါင်နည်းခြင်း၊မွေးပြီးကာလ သွေးသွန်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်နော်။

ဒါဆို သံဓာတ်ချို့တဲ့နေကြောင်း ဘယ်လိုသိနိုင်လဲ?

  • မူးဝေ မောပန်းလွယ်ခြင်း၊ အသက်ရှူမဝခြင်း
  • နုံးခြင်း၊ အားမရှိသလိုခံစားရခြင်း
  • ခေါင်းမူးခေါင်းကိုက် ခေါင်းမကြည် ဖြစ်ခြင်း
  • ဖြူဖတ်ဖြူရော်ဖြစ်ခြင်း
  • လက်သည်း၊ ခြေသည်းခွံများ ကြွပ်ဆတ်လာခြင်း
  • အနည်းငယ် အားစိုက်ရုံမျှဖြင့် မောဟိုက်လာခြင်း
  • မကြာခဏဖျားခြင်း
  • ခြေဖျားလက်ဖျားများ အလိုအလျောက် အေးစက်နေခြင်း
  • ကလေးငယ်များတွင် အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန် မတက်လာခြင်း တို့ဖြစ်ရင် သံဓာတ်ချို့တဲ့နေပါပြီ။

ဒါဆို သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ များများစားပေးဖို့ လိုအပ်လာပြီပေါ့။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက -

  • အနီရောင်ရှိသော အသားများ - ဆိတ်သား၊အမဲသား၊ဝက်သား
  • ကြက်ဥ ဘဲဥ အနှစ်
  • အစိမ်းရင့်ရောင်ရှိသောဟင်းသီးဟင်းရွက်များ (မြင်းခွာရွက်၊ဟင်းနုနွယ်၊ကန်စွန်းရွက်၊ကိုက်လန် အစရှိသည်)
  • ပဲဆံခြောက်အမျိုးမျိုး
  • ပဲပြား
  • အစေ့အဆံများ
  • စပျစ်သီးခြောက်/ ဆီးသီးခြောက် တို့ပဲ ဖြစ်ပါတယ်။

သံဓာတ်ကြွယ်ဝသော အစားအစာများကို စားပြီဆိုရင် ဒီ ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို သိထားပေးနော်။

  • သံဓာတ်ပါတဲ့ အစားအသောက်တွေ စားနေတာမှန်ပေမယ့် တဖက်ကလည်း ကိုယ်စားလိုက်တဲ့ သံဓာတ်ကို အူလမ်းကြောင်းကနေ ကောင်းမွန်စွာ စုပ်ယူနိုင်ဖို့လည်း အရေးကြီးပါသေးတယ်။
  • အထူးသဖြင့် အသားမပါပဲ ဟင်းရွက်နှင့်ပဲတွေကို စားတဲ့အချိန်မှာ ရေနွေးကြမ်း၊ လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်သုပ်တို့နှင့် တွဲဖက်စားလျှင် အူလမ်းကြောင်းမှ သံဓာတ်စုပ်ယူမှုကို ဟန့်တားစေတဲ့အတွက် ထိုအစားအသောက်များနှင့် ခပ်ခွါခွါ စားသုံးပေးပါ။
  • မိမိစားလိုက်တဲ့အစားအစာမှ သံဓာတ်ကို အပြည့်အဝစုပ်ယူနိုင်ရန်အတွက် vitamin c ကြွယ်ဝတဲ့အစားသောက်များနှင့် တွဲဖက် စားသုံးပေးသင့်ပါတယ်။
  • ဥပမာ ပဲဟင်းထဲမှာ ခရမ်းချဉ်သီး ထည့်ချက်တာမျိုး၊ သက်သက်လွတ်စားသော ရက်များတွင် အချိုပွဲအနေဖြင့် ဗီတာမင်စီကြွယ်ဝတဲ့ အသီးအနှံ စားပေးခြင်း စတဲ့ စားသုံးမှုပုံ စံတွေဟာ ကျန်းမာရေးနှင့်လည်း ညီညွတ် ၊ အာဟာရလည်းပြည့်၀စွာဖြင့် သံဓာတ်ရရှိနိုင်မည့် နည်းလမ်းကောင်း လေးတွေပဲ ဖြစ်ပါတယ်။

Dr May Phoo Zun
Clinical Nutritionist (အာဟာရ ဆရာဝန်)
AFN Registered Associate Nutritionist
M.B.B.S (YGN),M.Sc Human Nutrition with Clinical Nutrition Specialisation (University of Glasgow, UK)