April 27, 2023

ခုလို အပူချိန်လွန်ကဲသော ရာသီဥတုကြီးမှာ အသက်ကို ဥာဏ်စောင့်စွာ ကျော်ဖြတ်ကြပါစို့။

အထူးသဖြင့် -

‣ အသက်ကြီးလွန်းသော ဖိုးဖိုး ဖွားဖွားများ၊

‣ အသက်ငယ်လွန်းသော ကလေးငယ်လေးများ၊

‣ ဆီးချို သွေးတိုး နှလုံးရောဂါ စတဲ့ နာတာရှည်

ရောဂါအခံရှိသော သူများ၊ အဝလွန်သော သူများ၊

‣ ပူပြင်းသော နေပူချိန်မှာ အချိန်ကြာမြင့်စွာ

အလုပ်လုပ်ရသော သူများ၊

‣ ကိုယ်လက်လှုပ်ရှားများစွာလုပ်ရသော

အားကစားသမားများ၊

‣ အရက်သေစာ သုံးစွဲသောသူများသည် ဒီလိုချိန်မှာ သူများထက်ပိုပြီး အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

1ရေဓာတ်ပြည့်ဝစွာ နေထိုင်ပါ။

တစ်နေ့တာမှာ ရေမဆာသော်လည်း ရေ၊ ဓာတ်ဆား သောက်ထားခြင်းဖြင့် ရေဓာတ်များများ ဖြည့်တင်းပေးပါ၊ ပူပြင်းတဲ့ အချိန်မှာ အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဥ်ပါ။

2အေးမြစွာ နေထိုင်ပါ။

လွတ်လပ်ပေါ့ပါးသော အရောင်နုနု အဝတ်ထည်များသာ ဝတ်ဆင်ပါ။ အပြင်ထွက်ရင် နေရောင်ကာခရင်(မ်) အသုံးပြုပါ၊ ထီး၊ ဦးထုပ် စသည်တို့ ဆောင်သွားပါ။ အေးသောနေရာ၊ နေရိပ်သော လေဝင်လေထွက်ကောင်းသော နေရာများတွင်သာ နေထိုင်ပါ။ သက်ကြီးရွယ်အို ဖိုးဖိုးဖွားဖွားများ အနေနှင့် ခုလို ရာသီတွင် အေးမြသော တောင်ပေါ်ဒေသများတွင် အပူရှောင်ခြင်းဟာ အန္တရာယ်ကင်းပါတယ်။

3ပူပြင်းသောချိန်တွင် အပြင်ထွက်ခြင်းကို ရှောင်ပါ။

နေ့တနေ့၏ အပူပြင်းဆုံး အချိန်ဖြစ်တဲ့ (နေ့လည် ၁၀နာရီ မှ ညနေ ၄နာရီ ) အတွင်း ပြင်းထန် ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်ပဲ နားနားနေနေ နေပါ၊ အတတ်နိုင်ဆုံး နေပူထဲ နေခြင်းမှ ရှောင်ကြဉ်ပါ။ နေပူထဲတွင် လုပ်ရလျှင်လည်း အချိန်ကြာမြင့်စွာ မလုပ်ပဲ၊ နားလိုက်၊ အလုပ်လုပ်လိုက် လုပ်ပါ။

အေးသည့်နေရာမှ ရုတ်တရက် နေပူထဲထွက်လိုက်ခြင်း၊ အရမ်းပူနေသော ကားထဲတန်းဝင်လိုက်ခြင်းအား ရှောင်ကြဉ်ပါ။ နေပူထဲမှ ပြန်လာပြီး အေးတဲ့နေရာချက်ချင်းဝင်လိုက်တာ၊ ရေခဲရေ ချက်ချင်းသောက်လိုက်တာ၊ ရေချိုးလိုက်တာမျိုး ရှောင်ပါ။

4. Heat Stroke လက္ခဏာများအား သိရှိထားပါ။

ခန္ဓာကိုယ် အပူချိန် (104’F ) ထိမြင့်တက်လာမယ်၊ ခန္ဓာကိုယ် အပူချိန်မြင့်မားပြီး အရေပြားများ နီမြန်းလာမယ်၊ အသက်ရှုမြန်လာတယ်၊ နှလုံးခုန်နှုန်း မြန်လာတယ်။ ခေါင်းထိုးကိုက်မယ် ခေါင်းမူးမယ်၊ ပျို့အန်မယ် နှင့် ဗိုက်အောင့်မယ်၊ စိတ်အခြေနေ အပြောင်းလဲဖြစ်လာမယ် (ဥပမာ- သတိလစ်ခြင်း၊ မေ့မျောခြင်း ၊ ကယောင်ကတမ်းဖြစ်ခြင်း၊ စိတ်ထိန်းချုပ်ရခက်ခြင်း)၊ ရုတ်တရက် ချွေးမထွက်တော့ဘဲ ခြေဖျားလက်ဖျားများ အေးစက်လာမယ်……..စတဲ့ အပူရှပ်ခြင်းရဲ့ လက္ခဏာများကို သိထားမှ တစ်ခုခုဖြစ်တဲ့အခါ သတိပြုမိမယ်၊ ကျန်းမာရေး စောင့်ရှောက်မှု အမြန်ပြုလုပ်နိုင်မှာ ဖြစ်တယ်။

5ရှေးဦး သူနာပြုစောင့်ရှောက်မှုများကို သိထားပါ။

ထိုကဲ့သို့ အပူရှပ်ခြင်းဟာ ချက်ချင်းအသက်အန္တရာယ်ရှိတာဖြစ်လို့ ထိုလက္ခဏာများဖြစ်တယ်လို့ သံသယရှိတာနဲ့ ခန္ဓာကိုယ်ရှိ အဝတ်အထည်များကို ဖယ်လိုက်ပါ၊ နေရိပ်ရှိပြီး ပန်ကာ၊ အဲယားကွန်း ရှိသော အေးသော အခန်းတစ်ခုထဲသို့ ရွေ့လိုက်ပါ၊ ရေသောက်နိုင်ပါက ရေ၊ ဓာတ်ဆား များများတိုက်ပေးပါ၊ပြီးနောက် ရေစိုဝတ်ဖြင့် တစ်ကိုယ်လုံးအနှံ့ တိုက်ပေးပါ၊ ရေအေးအေး ဖြင့် တစ်ကိုယ်လုံး လောင်းချပေးပါ အစရှိသည့် သင့်တော်သော ရှေးဦး သူနာပြုစောင့်ရှောက်မှုများ ပြုလုပ်ပေးပြီး နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြီး ကုသမှု ခံယူပေးပါ။

Grand Hantha Website - www.grandhantha.com

Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111