April 23, 2022

ကိုယ်ဝန်ဆောင် မိခင်များနှင့် ကိုယ်ဝန်လွယ်ရန် ပြင်ဆင်နေသည့် အိမ်ထောင်ရှင် အမျိုးသမီးလေးများအတွက် သတိပြုသင့်သည့် ကူးစက်ရောဂါ TORCH Infection TORCH Infection ဆိုသည်မှာ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်မှ တစ်ဆင့် မိမိရင်သွေးထံသို့ ကူးစက်နိုင်သော ကူးစက်ရောဂါပိုး ဖြစ်ပါသည်။ လူ၏ ခန္ဓာကိုယ်မှ ထွက်သော အကျိအချွဲများ၊ အရည်များ၊ သွေး ၊ ချွေး၊ တံတွေး၊ မျက်ရည်တို့ နှင့် ထိတွေ့မိခြင်း ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ မကျက်သော အသားစိမ်း၊ငါးစမ်းများ စားသုံးခြင်း တို့မှ တစ်ဆင့် အဓိကကူးစက်တတ်ပါတယ်။ ထိုပိုးသည် မိခင်မှ တစ်ဆင့် မိမိ သန္ဓေသား ထံသို့ ကိုယ်ဝန်ဆောင်နေစဥ်အတွင်း အချင်းမှတစ်ဆင့် ကူးစက်နိုင်သလို၊ မွေးဖွားချိန်တွင်လည်း မွေးလမ်းကြောင်း မှတဆင့်၊ မွေးဖွားပြီးချိန် တွင်လည်း မိခင်နို့ရည်မှ တဆင့် ကူးစက်နိုင်ပါတယ်။

ထိုကူးစက်ရောဂါပိုးကြောင့် အမျိုးသမီးများအနေနှင့် ကိုယ်ဝန်ပျက်ကျခြင်းဖြစ်စေတတ်သလို ရင်သွေးငယ်များ တွင်လည်း ပေါင်မပြည့် လမစေ့ပဲမွေးဖွားခြင်း၊ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန် မမှန်ခြင်း၊ ဉာဏ်ရည်မသန်စွမ်းခြင်း၊ မွေးရာပါ အမြင်၊အကြား အာရုံများ ချို့ယွင်းတတ်ခြင်း ၊ မွေးရာပါ နှလုံးရောဂါ၊ အသည်းရောင် အသားဝါရောဂါ နှင့် အဆုတ်ရောင် ရောဂါများ ဖြစ်ပေါ်သွားစေနိုင်ပါတယ်။

ဒါ့ကြောင့်မို့လို့ ကျန်းမာသန်စွမ်းသော ရင်သွေးငယ်လေးများကို ပိုင်ဆိုင်ရန် ဆန္ဒရှိသည့် အိမ်ထောင်ရှင် အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်မိခင်တိုင်း TORCH ကူးစက်ရောဂါများ အကြောင်းကို ဂရုပြုမိပြီး ကိုယ်ဝန်ဆောင်စဥ်တွင် မိမိ၏ သားဖွားမီးယပ်ဆရာဝန်ကြီးနှင့် အတူ တိုင်ပင်ဆွေးနွေးပြသပြီး ကြိုတင်ကာကွယ်မှုများ ရယူနိုင်ဖို့ ဝေမျှလိုက်ရပါတယ်။