January 22, 2021

နှလုံးခုန် မမှန်ခြင်းဆိုတာ ဘာလဲ။

နှလုံးခုန် မမှန်ခြင်းကို Arrhythmia ဟုခေါ်သည်။ ပုံမှန်မဟုတ်သော နှလုံးခုန်ခြင်းကြောင့် ရင်တုန်ခြင်း၊မောခြင်း၊ရင်ဘတ်အောင့်ခြင်းနှင့် မေ့လဲခြင်း စသည်တို့ ဖြစ်တတ်ပါသည်။

နှလုံးခုန် မမှန်ခြင်း ဘယ်နှစ်မျိုး ရှိပါသလဲ။

နှလုံးရှိ လျှပ်စီးပတ်လမ်းကြောင်း တစ်နေရာတွင် အပိုလျှပ်စီးကြောင်း ဖြစ်ပေါ်လာရာမှ နေရာပေါ်မူတည်၍ ကွဲပြားသည်။ နှလုံးရှိ အပေါ်သွေးဝင်ခန်းတွင်လည်းကောင်း၊အောက်ရှိ သွေးလွှတ်ခန်းတွင်လည်းကောင်း ဖြစ်နိုင်သည်။နှလုံးလျှက်စီးပတ်လမ်းကို အောက်ပါ ပုံတွင်ကြည့်နိုင်သည်။

နှလုံးခုန် မမှန်ခြင်းကို မည်သို့ကုသနိုင်ပါသလဲ။

သင့်နှလုံးရှိ အပိုပါသောလျှပ်စီးကြောင်းကြောင့် ဖြစ်ပေါ်လာသော နှလုံးခုန်မမှန်ခြင်းပေါ်မူတည်၍ ဆေးဖြင့် ကုသခြင်းဖြစ်စေ၊ Catheter ablation ဟုခေါ်သော ရေဒီယိုလှိုင်းဖြင့် လျှပ်စီးပတ်လမ်း ဖြတ်တောက် ပေးခြင်းဖြစ်စေ သင့်လျော်သောကုသမှုကို နှလုံးအထူးကု ဆရာဝန်မှ ဆုံးဖြတ်ပေးမည်ဖြစ်သည်။

ရေဒီယိုလှိုင်းဖြင့် လျှပ်စီးပတ်လမ်း ဖြတ်တောက်ပေးခြင်းဆိုတာဘာလဲ။

သေးငယ်၍ ပျော့ပျောင်းသော ပိုက်ကို ပေါင်ခြံ (သို့မဟုတ်) လည်ပင်းမှနေ၍ နှလုံးသို့ရောက်အောင် ထည့်ခြင်းဖြင့် ပြုလုပ်သော နည်းလမ်းဖြစ်သည်။ ပိုက်၏ ထိပ်ဖြင့် မူမမှန်သော နေရာများမှ နှလုံးစည်းချက်များ ကို ရှာဖွေသိရှိနိုင်ခြင်း ကို Electrophysiology Study (EPS) ဟုခေါ်သည်။ လျှပ်စီးပတ်လမ်းကို ဖြတ်တောက်ပေးခြင်းတွင် လျှပ်စီးကြောင်းပွင့်အောင်လုပ်ခြင်းနှင့် အပိုလျှပ်စီးကြောင်းကို ပိတ်ခြင်းဟူ၍ ပြုလုပ်နိုင်ပါသည်။

ရေဒီယိုလှိုင်းဖြင့် လျှပ်စီးပတ်လမ်း ဖြတ်တောက်ပေးခြင်းကို မည်သို့ပြုလုပ်ပါသလဲ။

Cardiac Catheterization Lab ဟုခေါ်သော နှလုံးသွေးကြောချဲ့ဌာနတွင် ပြုလုပ်ပါသည်။ သင်သည် သွေးကြောချဲ့သည့် အခန်းရှိ ခုတင်တွင် လှဲလျောင်းနေရမည်ဖြစ်ပြီး နာကျင်မှုကင်းဝေးစေရန် ထုံဆေးပေးမည် ဖြစ်ပါသည်။ ထို့နောက် သေးငယ်သော ပိုက်အား ပေါင်ခြံ (သို့မဟုတ်) လည်ပင်းရှိ သွေးကြောမှတစ်ဆင့် နှလုံးသို့ ထည့်မည်ဖြစ်သည်။ ကုသမှုသည် နာရီ အနည်းငယ်ခန့် ကြာမြင့်နိုင်ပြီး ရံဖန်ရံခါ မအီမသာခံစားရ တတ်ပါသည်။ ကုသပြီးလျှင်လည်း မိမိနှလုံးခုန်သံကို ရက်သတ္တပတ်ခန့်ထိသိရှိနေမည် ဖြစ်သည်။ ကုသမှု အောင်မြင်လျှင် ပုံမှန်ပြန်ဖြစ်သွားမည်ဖြစ်ပြီး နောက်ထပ်နှလုံးခုန် မမှန်ခြင်းများ ထပ်မဖြစ်နိုင်တော့ပေ။

ရေဒီယိုလှိုင်းဖြင့် ကုသပြီးနောက် နှလုံးပုံမှန်ပြန်ဖြစ်သွားမှာလား။

များသောအားဖြင့် ရေဒီယိုလှိုင်းဖြင့်ကုသခြင်း နှလုံးခုန်မမှန်သော ရောဂါများကို ပျောက်ကင်းစေနိုင်ပြီး သောက်ဆေးများ ထပ်သောက်ရန် မလိုအပ်တော့ပါ။ ယခု သင့်နှလုံးအခြေအနေပေါ် မူတည်၍ ရေဒီယိုလှိုငိးဖြင့် ကုသခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု သင်၏ဆရာဝန်မှ ဆုံးဖြတ်ပြီး ဖြစ်ပါသည်။ သို့ရာတွင် သတိချပ်ရမည်မှာ ကုသမှုပြီးသော်လည်း သင်၏ရောဂါသည် မုချပျောက်ကင်းမည်ဟူ၍ အာမမခံနိုင်ခြင်းပင် ဖြစ်သည်။

နှလုံးလျှပ်စီးပတ်လမ်း ဖြတ်တောက်ခြင်းနှင့် ဆက်စပ်သော အန္တရာယ်များရှိပါသလား။

ကုသမှုတိုင်းတွင် ၎င်းနှင့် ဆက်စပ်အန္တရာယ်များ ရှိစမြဲဖြစ်သည်။ သင်၏ဆရာဝန်သည် ထိုအချက်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းပြမည်ဖြစ်သည်။ အဖြစ်များသော အန္တရာယ်များမှာ-

၁။ အပ်ထည့်သောနေရာတွင် သွေးခြေဥခြင်း။
၂။ သွေးကြော (သို့မဟုတ်) နှလုံးသို့ ထိခိုက်နိုင်ခြင်း။
၃။ လေဖြတ်တတ်ခြင်း။
၄။ ဓါတ်ရောင်ခြည်သင့်နိုင်ခြင်း စသည်တို့ ဖြစ်ပါသည်။

ကုသမှုပြီးလျှင် အိမ်ပြန်နိုင်ပါသလား။

ကုသမှုပြီးသောအခါ သင်၏နှလုံးအခြေအနေကို စောင့်ကြည့်ရန်အတွက် ဆေးရုံတွင် နေရမည်ဖြစ်သည်။ စိတ်ချရသော အခြေအနေရောက်မှ သင့်ဆရာဝန်မှ အိမ်သို့ ပြန်ခိုင်မည်ဖြစ်သည်။

ကုသမှုပြီး ပြီးချင်း ဆောင်ရန် ရှောင်ရန်များမှာ အဘယ်နည်း။

ကုသမှုပြီး ပြီးချင်း ကုတင်ပေါ်တွင် နည်းနည်းမှ မလှုပ်ဘဲ ၂နာရီ မှ ၆နာရီ ကြာအောင် နားနေရမည်။ ထို့နောက် အနည်းငယ်လှုပ်ရှားမှုပြုနိုင်ပြီး ခွဲထားသည့်အနာအား နောက်နေ့မနက်တွင် လာရောက်ဆေးထည့်ပြီး နောက် ရေချိုးနိုင်ပါမည်။ ခွဲစိတ်ထားသည့် လက်/ခြေထောက်မှနာခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း၊သွေးထွက်ခြင်း များရှိပါက ဆရာဝန်/ ဆရာမများအား အကြောင်းကြားပါ။ ခွဲစိတ်ထားသည့် လက်/ခြေထောက်အား ၂၄နာရိ အတွင်း လှုပ်ရှား သိပ်မလုပ်ရန်၊ ၃ရက်အတွင်း အားစိုက်လုပ်ရသော အလေးမခြင်း၊ကားမောင်းခြင်းများ မပြုလုပ်ရန် လိုအပ်ပါသည်။ အိမ်ပြန်ရောက်၍ ခွဲစိတ်ထားသည့် လက်/ခြေထောက်မှနာခြင်း၊ထုံခြင်း၊ကျဉ်ခြင်း၊ သွေးထွက်ခြင်းများရှိပါက ဆေးရုံသို့ပြန်လာပြပါ။ သင်၏ အခြေအနေပေါ်မှုတည်၍ ထပ်မံမှာကြားသည် များကိုလည်း လိုက်နာရန်လိုအပ်ပါသည်။