July 5, 2019

What is DEXA Scan?

Bone Dexa Scan ဆိုသည်မှာ ပမာဏအလွန်သေးငယ်သော ဓါတ်ရောင်ခြည် ဖြင့် ခန္ဓာကိုယ် တွင်း ရှိ အထူးသဖြင့် ခါးရိုး နှင့် တင်ပါးဆုံရိုး တို့ကို ပုံရိပ်ဖော်ကာ အရိုးပါးခြင်း ရှိ၊ မရှိ တိုင်းတာခြင်း ဖြစ်သည်။ လူတစ်ဦး ၏ အရိုး ကျိုးနိုင်ခြေရှိ၊ မရှိ နှင့် အရိုးပွရောဂါ ရှိ၊ မရှိ တို့ကို အဓိက စစ်ဆေးနိုင်သည်။ စစ်ဆေးမှု မှာလည်း အလွန်ရိုးရှင်း၊ လွယ်ကူလျင်မြန်ပြီး မနာမကျင် စစ်ဆေးနိုင်သည်။

ဘယ်သူတွေ စစ်ဆေးသင့်သလဲ?

အရိုးပွရောဂါ ရှိသောသူများ သည် ခန္ဓာကိုယ် အတွင်းရှိ ကယ်စီယမ် မှာ တဖြည်းဖြည်း လျော့နည်းလာပြီး နောက်ပိုင်း တွင် အရိုးများ ပါးလာကာ အလွယ်တကူ အရိုး ကျိုးနိုင်သော အခြေအနေ သို့ ရောက်ရှိလာကြခြင်း ဖြစ်ပေသည်။ အရိုးပွရောဂါ ကို ကုသနေသူများ တွင် Dexa scan စစ်ဆေးခြင်း ဖြင့် တိုးတက်မှု ရှိ၊ မရှိ သိနိုင်ပါသည်။ ထို့အပြင် လူတစ်ဦး၏ အရိုး ကျိုးနိုင်ခြေ ရှိ၊ မရှိ ကိုလည်း Dexa Scan ရိုက်ပြီး စစ်ဆေးခြင်း ဖြင့် သိရှိနိုင်ပါသည်။

အဓိကအားဖြင့် စစ်ဆေးသင့်သူများမှာ-

  1. ‘မ’ ဟော်မုန်း ကုသမှု မယူထားသော ရာသီသွေးဆုံးပြီး အမျိုးသမီးများ
  2. မိမိကိုယ်တိုင် နှင့် မိဘများ၏ ကျန်းမာရေး ရာဇဝင် တွင် ဆေးလိပ်သောက်သုံးခြင်း နှင့် တင်ပါးဆုံရိုး ကျိုးခဲ့သော ရောဂါ ရာဇဝင်ရှိသူများ
  3. ဆီးချို၊ သွေးချိုရောဂါ အမျိုးအစား (၁) ရှိသူများ ၊ အသည်းရောဂါ ရှိသူများ ၊ ကျောက်ကပ်ရောဂါ ရှိသူများ ၊ မိသားစု ထဲတွင် အရိုးပွရောဂါ ရှိသူများ ၊ အဆစ်အမြစ်ယောင် ရောဂါ ရှိသူများ နှင့် Uric
  4. acid များသောသူများ
  5. ခန္ဓာကိုယ်တွင်း ရှိ ဟော်မုန်းဓာတ် ပုံမှန် မဟုတ်သူများ
  6. ထိခိုက်ဒဏ်ရာ အနည်းအကျဉ်း ရယုံဖြင့် အရိုးကျိုးလွယ်သူများ စသည် တို့ ဖြစ်ပါသည်။

Bone Dexa Scan ရိုက်ရန် ဘာတွေ ပြင်ဆင်ရမလဲ?

Bone Dexa Scan ရိုက်မည့် နေ့တွင် ပုံမှန် အစားအသောက် အတိုင်း စားသောက်နိုင်ပါတယ်။ အထူးသတိထားရန် မှာ ကယ်စီယမ် အားဆေး ကို စစ်ဆေးခြင်း မတိုင်မီ ၂၄ နာရီ ကြိုတင်၍ ဖြတ်ထားရန် လိုအပ်ပါမည်။ အမျိုးသမီးများ အနေဖြင့် မိမိတွင် ကိုယ်ဝန်ရှိခြင်း (သို့) ကိုယ်ဝန်ရှိနိုင် သည်ဟု သံသယ ရှိပါက Bone Dexa Scan မရိုက်ခင် ကြိုတင်၍ ဓါတ်မှန်ပညာရှင် များ ကို အကြောင်းကြားရန် လိုအပ်ပါသည်။

Bone Dexa Scan မရိုက်မီ အခြားသော ဓါတ်ရောင်ခြည်သုံး စစ်ဆေးရာတွင် ခန္ဓာကိုယ် အတွင်းသို့ ပုံရိပ်ဖော်ဆေးများ အကူအညီ ဖြင့် စစ်ဆေးထားလျှင် သက်ဆိုင်ရာ ဆရာဝန်ကြီး နှင့် သေချာ တိုင်ပင်သင့်ပါသည်။ လိုအပ်ပါက ၁ဝ ရက် မှ ၁၄ ရက် အထိ စောင့်ဆိုင်းပြီး မှ ပြန်လည် စစ်ဆေးသင့်ပါသည်။

Bone Dexa Scan ၏ အားသာချက်များ

  1. ရိုက်မည့် အစိတ်အပိုင်း ပေါ်မူတည်ပြီး ၁ဝ မိနစ် မှ ၃ဝ မိနစ် အထိ ကြာနိုင်ပါတယ်။ အလွန် ရိုးရှင်း လွယ်ကူသော၊ အချိန် မကြာသော၊ နာကျင်မှု မရှိသော စစ်ဆေးမှု တစ်ခု ဖြစ်ပါတယ်။
  2. အလွန် သေးငယ်သော ဓါတ်ရောင်ခြည် ပမာဏ သာ သုံးထားသောကြောင့် ဓါတ်ရောင်ခြည်သင့်မှု မရှိသလောက်ပင် ဖြစ်ပါတယ်။
  3. စစ်ဆေးပြီးပါက လည်း ကိုယ်ခန္ဓာ အတွင်း ဓါတ်ရောင်ခြည် မကျန်သော စစ်ဆေးမှု ဖြစ်သည်။
  4. အရိုး ကျိုးနိုင်ခြေရှိ၊ မရှိ နှင့် အရိုးပွရောဂါ ရှိ၊ မရှိ တို့ကို အတိကျဆုံး နှင့် အမှန်ကန်ဆုံး စစ်ဆေးနိုင်သော စစ်ဆေးမှု ဖြစ်ပါတယ်။
  5. Bone Dexa Scan ရိုက်ခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာများ မရှိသလောက်ပါပဲ။