ကျောက်ကပ်အလုပ်မလုပ်/အားနည်းရောဂါ
ကျောက်ကပ်(၂)လုံးသည် ခန္ဓာကိုယ်မှ အညစ်အကြေး အဆိပ်အတောက် (ဆီးဆိပ်)များကို စွန့်ထုတ်ပေးရပါသည်။ ကျောက်ကပ်တစ်လုံးကို ထုတ်လိုက် သော်လည်း ကျန်(၁)လုံးကောင်းမွန်နေပါက ဆီးဆိပ် (Urea,Creatinine) များ သွေးတွင် များပြားလာခြင်းမရှိပါ။ ကျန်(၁)လုံးကို ၃ပုံ ၁ပုံမှ တစ်ဝက်ခန့် ထုတ်လိုက်ရပါကလည်း ဆီးဆိပ်များ ပုံမှန်အတိုင်း ရှိနိုင်ပါသေးသည်။ သွေးထဲတွင် ဆီးဆိပ်များလာခြင်းသည် အလုပ်လုပ်နိုင်သည့် ကျောက်ကပ်ပမာဏ ၃၀%အောက် နည်းသည်ဟု ခန့်မှန်းနိုင်ပါသည်။ ဆီးဆိပ်များ ရှိသင့်သည်ထက် ၃ - ၄ဆ များပြီဆိုလျှင် အလုပ်လုပ်နိုင်သည့် ကျောက်ကပ်ပမာဏမှာ ၁၀%အောက်ဟု ခန့်မှန်းနိုင်ပါသည်။
ဆီးဆိပ်များကို မည်သို့ ကုသနိုင်ပါသနည်း?
(၁) ဝမ်းဗိုက်တွင်းသို့ ပိုက်ငယ်တစ်ခု ထုံဆေးပေး တပ်ဆင်ဆေးကြောခြင်း။
(၂) ကျောက်ကပ်တု သွေးသန့်စင်စက်ဖြင့် ဖယ်ရှားသန့်စင်ကုသခြင်း။
(၃) ကျောက်ကပ်အစားထိုး ကုသခြင်းတို့ ဖြစ်ပါသည်။
ရေရှည် ကျောက်ကပ်အလုပ်မလုပ်သည့်လူနာများကို မည်သည့် အချိန်တွင် စတင် သွေးသန့်စင်ခြင်း ပြုလုပ်သင့်ပါသလဲ ?
၎င်းလူနာများမှာ ဆီးဆိပ်များ တဖြည်းဖြည်းများပြားလာပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများကို တဖြည်းဖြည်းပျက်စီးချို့ယွင်းလာစေပြီးနောက် အတန် ကြာမှ အသက်ဆုံးရှုံးသည့် အခြေအနေသို့ ရောက်ရှိခြင်းဖြစ်ပါသည်။
အများအားဖြင့် လူနာမစားချင် မသောက်ချင် ဖြစ်လာခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ မောပန်းလာခြင်း၊ နေ့အခါတွင်အငိုက်လွန်လာ ခြင်း၊ မှိန်းခြင်း၊ ကိုယ်လက်ယားယံလာခြင်း စသည်များ ခံစားလာရလျှင်သော် လည်းကောင်း၊ ကိုယ်တွင် ဆီးဆိပ်ပမာဏ ရှိသင့်သည်ထက် ၄ဆ ၅ဆ ပို၍ စုပုံလာခြင်း စသည့်အချိန်များတွင် စတင် သွေးသန့်စင်ပေးသင့်သည်။
အချို့လူနာများသည် ကျောက်ကပ်ကိုဘေးဖြစ်တတ်သော ဆေးဝါး၊ အစား အစာ၊ အခြားရောဂါ တစ်စုံတစ်ရာ (ဥပမာ-ဝမ်းလျောခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးပေါင်တက်လွန်းခြင်း) များကြောင့် နာတာရှည်ဖြည်းဖြည်းချင်း ကျောက်ကပ် အားနည်းနေရာမှ ရုတ်တရက် လျင်မြန်စွာ ကျောက်ကပ် အားနည်းသွားပြီး ဆီးဆိပ်များ လျင်မြန်စွာ တက်လာတတ်ပါသည်။ ၎င်းလူနာများသည် အထက် ဖော်ပြပါအကြောင်းအချက်များ ပြုပြင်ကုသလိုက်ပါက နဂိုတဖြည်းဖြည်း အား နည်းနေသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိကာ ဆီးဆိပ်များ ပြန်လည် လျော့နည်းလာပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ပြန်လည်ကောင်းမွန် အသက်ရှင်လာနိုင်ပါသည်။
သို့ရာတွင် ဆီးဆိပ်များ များလွန်း၍ အသက်အန္တရာယ် ပေးနိုင်သည့်အခြေ အနေမျိုးတွင် အရဲစွန့် စောင့်စားခြင်းထက် ပိုမိုစိတ်ချရစေရန် ဆီးဆိပ် ဖယ်ရှား သန့်စင်ခြင်းကို ဆောင်ရွက်သင့်ပါသည်။ အတိုင်းအတာတစ်ခုသို့ ကျောက်ကပ် ပြန်လည်ကောင်းမွန်လာကာ ဆက်လက်မဆေးဘဲ ရပ်ထားနိုင်သည်များလည်း ရှိပါသည်။
နာတာရှည်ကျောက်ကပ်အလုပ်မလုပ်သည့် လူနာများမှာ ရေရှည်ဆီးဆိပ် ဖယ်ရှားပေးရန် လိုပါသည်။ နောင်ကျန်းမာလာပါက ကျောက်ကပ် အစားထိုး ကုသမှု ပြုလုပ်နိုင်ပါသည်။
သွေးသန့်စင်ကုခြင်းမပြုဘဲ အရဲစွန့် စောင့်ကြည်မည်ဆိုပါက မည်ကဲ့သို့ ရှိပါမည်လဲ?
အရဲစွန့် စောင့်ကြည့်မည်ဆိုပါက လူနာကံကောင်းလျှင် အထက်ဖော်ပြခဲ့ သည့် အကြောင်းတစ်ခုခုကြောင့် ကျောက်ကပ်ခေတ္တအလုပ်မလုပ်သည့် အခြေ အနေဖြစ်ခဲ့လျှင် သဘာဝအလျောက် အတိုင်းအတာ တစ်ခုအထိ ပြန်လည် ကောင်းမွန်လာနိုင်သကဲ့သို့ လူနာကံမကောင်းလျှင် တချို့လူနာများမှာအပြင်ပန်း အားဖြင့် ဆိုးရွားသည်ဟုမထင်ရသော်လည်း အဆိပ်အတောက်အညစ်အကြေး များကြောင့် နာရီပိုင်း၊ ရက်ပိုင်းအတွင်း အသက်ဆုံးရှုံးရခြင်းမျိုးလည်း ဖြစ်နိုင်ပါ သည်။
ခေတ္တ စဉ်စားနေချိန်အတွင်း လူနာသက်သာလာခြင်း၊ ရုတ်တရက်သေဆုံး သွားခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော အဖြစ်အပျက်များဖြစ်၍ အံ့သြဖွယ်ရာ မဟုတ်ပါ။ ဥပမာပြရသော် တိုက်အမြင့်ပေါ်မှ ခုန်ချသောသူသည် ထိခိုက်ဒဏ်ရာ ရရှိမှု များသော်လည်း အင်မတန် ကံကောင်း၍ ဘာမှမဖြစ်နိုင်သကဲ့သို့ ဖြစ်ပါ သည်။ တာဝန်ရှိသူအနေဖြင့် မခုန်ချရန် အကြံဉာဏ်ပေးရမည်သာဖြစ်ပါသည်။
အချို့လူနာများမှာ အသက်အန္တရာယ်ပေးနိုင်လောက်သည့် အနေအထား သို့ ရောက်မလာသေးသော်လည်း ဆီးဆိပ်များကြောင့် ဦးနှောက်၊ နှလုံး၊ သွေး၊ အစာအိမ်လမ်းကြောင်း၊ အရိုး စသည့် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများ တဖြည်း ဖြည်းချင်း ပျက်စီးလာမည်ဖြစ်ရာ လုံးဝမဟန်တော့သည့် အခြေအနေတွင်မှ သန့်စင်ပေးခြင်းသည် လူနာ၏ကျန်းမာရေးကို အားရကျေနပ်ဖွယ်ရာ ကောင်း လောက်အောင် ပြန်လည် စွမ်းဆောင်နိုင်တော့မည်မဟုတ်ပါ။ (ဥပမာပြရသော် ကားအင်ဂျင်ဝိုင်ကို စောစော သန့်စင်ပေးခြင်းသည် အင်ဂျင်သက်တမ်းရှည် သော်လည်း လုံးဝခမ်းခြောက်ပြီး ထိခိုက်ပျက်စီးခြင်းမှ အင်ဂျင်ဝိုင်အထပ်ထပ် လဲသော်လည်း ပျက်စီးသွားပြီးသည့် အင်ဂျင်အစိတ်အပိုင်းများမှာ အကောင်း ကဲ့သို့ ပြန်လည် ဖြစ်မလာနိုင်သကဲ့သို့ ဖြစ်ပါသည်။)
မည်မျှကြာအောင် ဆေးကြောရမည်နည်း?
ခေတ္တ ကျောက်ကပ် အလုပ်မလုပ်သည့် လူနာများကို ကျောက်ကပ် ပြန် လည် ကောင်းမွန်လာသည်အထိ (အများအားဖြင့် တစ်ပတ်မှ တစ်လခန့်) သန့်စင် ဆေးကြောကုသခြင်း ပြုလုပ်ရပါမည်။ နာတာရှည် ကျောက်ကပ် အလုပ်မလုပ် သည့် လူနာများကိုမူ ရေရှည်သန့်စင်ဆေးကြောခြင်း ပြုလုပ်ရပါမည်။
ဘယ်နှစ်ကြိမ် ဆေးကြောရပါမည်လဲ?
အကောင်းဆုံးစံချိန်မီ သန့်စင်ကုသပေးမည်ဆိုပါက တစ်ပတ်လျှင်(၃)ကြိမ် သန့်စင်ပေးရပါမည်။ မလုပ်နိုင်ပါက တစ်ပါတ်လျှင်(၂)ကြိမ် အနည်းဆုံး ဆောင်ရွက်သင့်ပါသည်။
ကုန်ကျစရိတ်မည်မျှရှိပါသလဲ?
အသုံးပြုရသည့် ပစ္စည်းများမှာ တန်ဖိုးကြီးမားလှသဖြင့် တစ်ကြိမ် သန့်စင် ပေးလျှင် ကျပ်လေးသောင်းခန့်ကုန်ကျပါမည်။ ၎င်းစရိတ်မှာ ပစ္စည်းကိရိယာများ အတွက် အဓိကကုန်ကျခြင်း ဖြစ်ပါသည်။ အခြားတိုင်းပြည်များတွင် အလားတူ ပစ္စည်းများ အသုံးပြုရာတွင် ကျပ်တစ်သိန်းကျော် ကုန်ကျတတ်ပါသည်။ ပစ္စည်း များကို ၎င်းတိုင်းပြည်များမှ တဆင့် ဝယ်ယူသုံးစွဲရသဖြင့် ပစ္စည်းဖိုး ပိုမို များပြား ကုန်ကျသော်လည်း ၎င်းတိုင်းပြည်များနှင့် နှိုင်းယှဉ်လျှင် ဆရာဝန် / ဆရာမ / ဝန်ထမ်းများအတွက် ကုန်ကျစရိတ် နှုန်းထားသက်သာသည့်အတွက် တစ်ကြိမ် ဆေးလျှင် ကျပ်လေးသောင်းခန့်သာ ကုန်ကျခြင်းဖြစ်ပါသည်။
ကျောက်ကပ်အလုပ်မလုပ်သည့်လူနာ ပြန်လည်ကောင်းမွန် လာပါမည်လား?
ကျောက်ကပ်ခေတ္တ အလုပ်မလုပ်သည့်ရောဂါ (Acute Renal Failure) မှာ အကြောင်းအမျိုးမျိုးကြောင့် ယာယီခေတ္တ ရပ်ဆိုင်းသွားခြင်းဖြစ်ပါသည်။ မကြာမီ ပြန်လည် ကောင်းမွန်လာတတ်ပါသည်။ တစ်ခါတစ်ရံ ဆီးဆိပ်များ စုပုံ များပြား လာပြီး အချိန်မီ ဆီးဆိပ်များ ဖယ်ရှားခြင်းမရှိပါက တိုတောင်းသော ကာလ အတွင်း အသက်ဆုံးရှုံးနိုင်ပါသည်။
ရေရှည်ကျောက်ကပ်အလုပ်မလုပ်သည့် (Chronic Renal Failure) လူနာ များမှာ ဆီးဆိပ်အညစ်အကြေးများ တဖြည်းဖြည်းများလာပြီး ဦးနှောက်/နှလုံး/ သွေး /အစာလမ်းကြောင်း/ အရိုးစသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ တဖြည်း ဖြည်းယိုယွင်းလာပြီး အသက်ဆုံးရှုံးနိုင်ပါသည်။ တစ်ခါတစ်ရံ လူနာအခြေအနေ တိုးတက် ကောင်းမွန်လာသလို ရှိပြီးနောက် တဖြည်းဖြည်း အထက်ပါအတိုင်း ပျက်စီး ယိုယွင်းလာတတ်ပါသည်။
ကျောက်ကပ် ပြန်လည်ကောင်းမွန်လာအောင် ကုသ၍ရနိုင်မည်လား? ကျောက်ကပ် တဖြည်းဖြည်း ပျက်စီးမှုသည် နောက်ဆုံးအဆင့်သို့ ရောက် ရှိနေပြီဖြစ်ပါက ပြန်လည်ကောင်းမွန်လာအောင် လုပ်နိုင်မည်မဟုတ်ပါ။
ကျောက်ကပ်စတင် ထိခိုက်သည့် အနေအထားတွင် ထိရောက်သောကုသမှု ရယူနိုင်ပါက အချို့လူနာများ ပြန်လည် ကောင်းမွန်လာနိုင်ပါသည်။
ပြန်လည်ကောင်းမလာနိုင်သည့်တိုင်အောင် ထိရောက်သော ဆေးဝါးကုသ မှုများဖြင့် ပျက်စီးနှုန်းနှေးကွေးအောင် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ရ ပါမည်။ ဆီးချို၊ သွေးတိုး၊ ဖောရောင်ခြင်း၊ မောပန်းခြင်း၊ ဆီးသွားရာတွင် လိုသည် ထက်ပို၍ အမြှုပ်ထခြင်း၊ ဆီးစစ်ကြည့်ရာတွင် ဆီးထဲ၌ အသားဓာတ်ပါနေခြင်း၊ ကျောက်ကပ်အလုပ်လုပ်သည့်ပမာဏကို (သာမာန်သွေးစစ်ခြင်းမျိုးမဟုတ်ဘဲ ပိုမို တိကျသည့်နည်းများဖြင့်) တိုင်းတာခြင်းစသည်တို့ဖြင့် ကျောက်ကပ်စတင်ပျက်စီး ခြင်းကိုစောစီးစွာသိရှိပြီး ထိရောက်သောကုသမှုများ ပေးနိုင်ရန်အရေးကြီးပါသည်။ တစ်ချို့သောဆေးဝါး(အနောက်တိုင်းဆေး၊ တိုင်းရင်းဆေး)နှင့် သစ်သီး၊ အရွက် မှထုတ်လုပ်ထားသောဆေး၊ အာဟာရစသည်တို့သည် တစ်ခါတစ်ရံ ကျောက်ကပ် ကို ပိုမိုပျက်စီးစေနိုင်သဖြင့် အထူးသတိပြုစေလိုပါသည်။
လူနာခံနိုင်ရည်ရှိပါမည်လား?
မလုပ်ဘဲထားလျှင် ဆီးဆိပ်များပြီး အသက်အန္တရာယ်များပါသည်။ ဆီးဆိပ် သန့်စင်ပေးတဲ့ အန္တရာယ်က နည်းပါတယ်။
ဆေးပြီးလည်း နောက် သိပ်မကောင်းတာမျိုး ကြားဖူးပါတယ်?
ကောင်းတယ် မကောင်းဘူးဆိုတဲ့ ရလဒ်က လူနာရဲ့ကျန်းမာရေးပေါ်မှာ မူတည်ပါတယ်။ ကျောက်ကပ် (၂) လုံးစလုံး ထုတ်ပစ်ထားလည်း အချိန်မီလုံလုံ လောက်လောက် ဆီးဆိပ်သန့်စင်ပေးလျှင် (၁၅)နှစ် အနှစ်(၂၀)အသက်ရှင်သူ ကို တွေ့နိုင်ပါသည်။
အများအားဖြင့် လုပ်ထားခြင်းသည် ကောင်းသည်ဆိုပေမယ့် လူနာက သိပ်မဆိုးသေးဘဲ တင်းခံနေတတ်ပါသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိခိုက် ပျက်စီးပြီး သေလောက်အောင်ဖြစ်လာတော့မှ လုပ်ပေးပါဆိုပြီး ရောက်လာတတ် တဲ့သူတွေ ဆီးဆိပ်တွေသန့်လာပေမယ့် ပျက်စီးပြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တွေ ပြန်မကောင်းနိုင်တော့တဲ့အတွက် ဆေးပေမယ့် ကောင်းသင့်သလောက် ပြန်မကောင်းတော့ပါ။
နောက်ပြီး တစ်ပတ် (၃) ကြိမ်ထက် ပိုဆေးလျှင် ပိုကောင်းတယ် ပြောနေ ကြတဲ့အချိန်မှာ တစ်ပတ်ကို (၂) ကြိမ် ချွေတာဆေးပေးနေတာရယ်၊ ဒီထက်ပို နည်းပြီး ဆေးချင်လာတာရယ်တွေကြောင့် ကောင်းသင့်သလောက် မကောင်း တာပါပဲ။ ကျောက်ကပ်တု သွေးသန့်စင်စက်နဲ့ အချိန်မီစောစောစီးစီး သင့်တော် တဲ့အချိန်မှာ စတင်ကုသမှုခံယူပြီး စံချိန်မီကုသမှုကို ခံယူနေတဲ့လူနာတွေ လူနာ လို့တောင်မထင်ရဘဲ အားကစားပြိုင်ပွဲတွေဝင်နေသူ၊ အလုပ်လုပ်ကိုင်နေသူတွေ အများကြီးရှိပါတယ်။
နောက်ဆုံးမှာချင်တာက-
- မလုပ်မီ နိုင်၏ မနိုင်၏ကို သေချာစွာ စဉ်းစားစေချင်ပါသည်။ မနိုင်ဝန်ကို သံယောဇဉ်ကြောင့် ဇွတ်မထမ်းစေချင်ပါ။
- လုပ်မည်ဆိုပါက ခန္ဓာကိုယ် အစိတ်အပိုင်းများ ပြင်မရအောင် မပျက်စီးမီ ကောင်းနေစဉ် အချိန်တွင် ကြိုတင် လုပ်သင့်ပါသည်။
- စံချိန်မီအောင် လုပ်ပါ။ အခြေအနေအရပ်ရပ်ကြောင့် အချိန်မီနှင့် စံချိန်မီမလုပ် နိုင်သည်ကို ကုသမှုပေးနေသော ဆရာ / ဆရာမများမှ ဂရုဏာထား နားလည် ပေးသလို လူနာရှင်များမှလည်း အမှန်ကို နားလည်လက်ခံရမှာ ဖြစ်ပါတယ်။
ကျောက်ကပ်ရောင်ရောဂါ
သင်၏ ကျောက်ကပ်တစ်လုံးစီတွင် Glomerulus (ဂလိုမာရူလပ်စ်)ဟုခေါ် သော ဇကာကွက်ကလေးများ တစ်သန်းစီရှိသည်။ ၎င်းဇကာကွက်ကလေးများ သည် သွေးထဲမှ ခန္ဓာကိုယ်အတွက် မလိုအပ်သောအညစ်အကြေးများ၊ ဆီးဆိပ် များကို စစ်ထုတ် စွန့်ပစ်ခြင်း၊ သွေးထဲမှ Protein ခေါ်သော အသားဓါတ်များ ဆီးထဲသို့ ပါမသွားရန် စစ်ကာပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။
Glomerular disease ခေါ်ကျောက်ကပ်ရောင်ရောဂါ ဖြစ်ပွားသူတွင် ၎င်းဇကာကွက်ကလေးများ ကောင်းစွာ အလုပ်မလုပ်ခြင်း၊ ရောင်ရမ်းပျက်စီး ခြင်းများကို တွေ့ရသည်။ ထိုအခါ သွေးထဲမှ ပရိုတင်းခေါ်အသားဓာတ်များကို ဇကာကွက်ကလေးများမှ ကောင်းစွာစစ်ယူမထားနိုင်သဖြင့် ဆီးထဲတွင်အသား ဓာတ်များပါလာသည်။ အသားဓာတ်များဆီးထဲမှ ယိုစိမ့်မှု များလာသောအခါ သွေးထဲတွင် အသားဓာတ်နည်းပါးလာသည်။ သွေးထဲတွင် အသားဓာတ်နည်း ပါးလာခြင်း၊ ရေနှင့်အငံဓာတ် ဆီးမှစွန့်ပစ်မှုနည်းပါးပြီး လိုအပ်သည်ထက် ခန္ဓာ ကိုယ်တွင်များပြားလာခြင်းတို့ကြောင့် ခန္ဓာကိုယ်ဖောရောင်လာခြင်းဖြစ်သည်။
ကျောင်ကပ်ရောင်ရောဂါကို အချိန်မီ မကုသနိုင်ပါက တဖြည်းဖြည်းချင်း ကျောက်ကပ်ပျက်စီးလာပြီး ကျောက်ကပ်အလုပ်မလုပ်တော့သည့် အခြေအနေ သို့ ရောက်ရှိသွားနိုင်သည်။ သွေးပေါင်များခြင်း (သွေးတိုးခြင်း) သည် ကျောက် ကပ်ကို ပိုမိုလျှင်မြန်စွာ ပျက်စီးစေတတ်ပါသည်။ ကျောက်ကပ်ရောင်ရောဂါရှိ သူတစ်ဦး၏ အပေါ်သွေးပေါင်ချိန်သည် ၁၃၀ အထက်တွင်မကြာခဏရှိပါက သွေးပေါင်ကျဆေးသောက်ရန် လိုအပ်ပါသည်။ ထိုကဲ့သို သွေးပေါင်ကျဆေး သောက်နေရသောလူနာအတွက် ရှိသင့်သော သွေးပေါင်ချိန်မှာ ၁၁၀မှ ၁၃၀ ဖြစ်သည်။ သွေးပေါင်ကျဆေးအမျိုးမျိုးရှိသည့်အနက် သင့်တော်သောဆေးကို ရွေးချယ်ရန်အရေးကြီးပါသည်။ သွေးပေါင်ချိန်ပုံမှန် ၁၁၀မှ ၁၃၀ ကြားဖြစ်ပါက သွေးပေါင်ကျဆေး ရပ်ထားခြင်းမှာ မှားယွင်းပါသည်။ သွေးပေါင်ချိန် လျော့ နည်းသည့် သွေးပေါင်ကျဆေးကို လျော့ကြည့်သင့်သည်။ သွေးတိုးမရှိ၍ သွေးပေါင်ကျဆေးသောက်ရန်မလိုသော လူနာအတွက်မူ အပေါ်သွေးပေါင်ချိန် ၉၀ မှ ၁၃၀ထိ သည် ပုံမှန် သွေးပေါင်ချိန်ဖြစ်သည်။
အနောက်တိုင်း ဆေးဝါးအချို့၊ တိုင်းရင်းဆေးဝါးအချို့နှင့် အသီးအရွက်၊ သစ်ဥအချို့သည် ကျောက်ကပ်ကို ထိခိုက် ပျက်စီးစေနိုင်သည်။ ကျွမ်းကျင် သောဆရာဝန်နှင့် မတိုင်ပင်ဘဲ အထက်ပါဆေးဝါးများသုံးစွဲခြင်း အထူးရှောင် ကြဉ်ပါ။ ကျောက်ကပ်ရောဂါကိုကုသရာတွင် ကျောက်ကပ်ရောင်ရောဂါ အမျိုး အစားပေါ်မူတည်၍ တစ်ဦးနှင့်တစ်ဦး ဆေးဝါးအမျိုးအစားနှင့် ပမာဏကွာခြား မှုများ ရှိပါသည်။ ရောဂါအခြေအနေ ပြောင်းလဲတိုးတက်၊ ဆုတ်ယုတ်မှုအပေါ် မူတည်၍လည်း ကုသမှု ပြောင်းလဲနိုင်ပါသည်။ ကျောက်ကပ်ရောင်ရောဂါ အမျိုးအစားနှင့် အခြေအနေမှန်ကို သိရှိနိုင်ရန် ကျောက်ကပ်အသားစယူစစ် ဆေးကြည့်ရန်လိုပါသည်။ လေးဘက်နာရောဂါတွင် ကျောက်ကပ်ထိခိုက်မှုရှိလာ လျှင် ရိုးရိုး လေးဘက်နာနှင့် မတူဘဲ ကျောက်ကပ်ထိခိုက်ပုံ အခြေအနေပေါ် မူတည်၍ ဆေးဝါးအမျိုးမျိုးကို ရွေးချယ်သုံးစွဲပြီး အတိုးအလျော့လုပ်ရပါသည်။
ကျောက်ကပ်ရောင်ရောဂါအတွက် အသုံးပြုသောဆေးဝါးများမှာ လူနာ၏ ကိုယ်ခံစွမ်းအားကို အနည်းငယ်နှိမ့်ချထားသဖြင့် သာမန်လူထက် ပြင်ပမှရောဂါ များဝင်ရောက်နိုင်သည်။ ထိုသို့ ဝင်ရောက်လာပါက အချိန်မီ ထိရောက်သော ကုသမှုခံယူရန် အရေးကြီးပါသည်။
ကျောက်ကပ်ဆေးဟုခေါ်သော Endoxan ၊ Cellcept ၊ Mycept အမျိုးအစား ဆေးဝါး၊ Azathioprine (Immuran/Azoran) ဆေးများကို သောက်နေရသူများ သည် အထူးဂရုပြုရန် လိုအပ်ပါသည်။ ၎င်းကျောက်ကပ်ဆေးများကို အောက် ဖော်ပြပါ အခြေအနေများတွင်-
- ဖျားလျှင်
- ချောင်းဆိုးလျှင်
- လည်ချောင်းနာလျှင်
- သာမာန် နှာစေးအအေးမိလျှင်
- ဝမ်းပျက် ဝမ်းလျှောလျှင်
- ကိုယ်ပူလျှင်
ခေတ္တရပ်ထားပြီး နီးရာဆရာဝန် (သို့) ကျောက်ကပ်ဆရာဝန်နှင့်ပြရန် အရေး ကြီးပါသည်။ နေကောင်းပြီး ၃/၄ ရက်ကြာလျှင် ပြန်သောက်ရပါမည်။ ကြာရှည် စွာရပ်ထားရန်မသင့်ပါ။ မည်သည့်အကြောင်းကြောင့်မဆို သင်နေမကောင်း ဖြစ်လျှင် မသေချာပါက ကျောက်ကပ်ဆေးကို ရပ်ထားသင့်သည်။ သို့ရာတွင် အထက်ပါအကြောင်းအရာများမရှိဘဲ အန်ခြင်း/ဝမ်းချုပ်ခြင်း သပ်သပ်အတွက် ရပ်ထားရန်မလိုပါ။
အထူးသတိပြုသင့်သည်မှာ Prednisolone ၊ Medrol ၊ Medixon ကဲ့သို့ သော ဆေးများကိုမူ နေမကောင်းသော်လည်း ဆက်လက် သောက်နေရန် လိုအပ်ပါသည်။ ရုတ်တရက်ရပ်ခြင်း လုံးဝမပြုရပါ။ အန္တရာယ် ဖြစ်နိုင်သည်။
သင် အကြောင်းတစ်ခုခုကြောင့် နေမကောင်းဖြစ်လျှင် ကျောက်ကပ် ဆရာဝန် (သို့) နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ခြင်းသည် အကောင်းဆုံးဖြစ် ပါသည်။ သင်ေသောက်နေသော ကျောက်ကပ်ရောင်ရောဂါဆေးများကိုလည်း ပြသ/ပြောကြားပါ။
အစားအသောက်နှင့်ပတ်သက်၍
၁။ အရည်နှင့် ပတ်သက်၍ မဖောလျှင်၊ မမောလျှင် ဆီးသွားသည့် ပမာဏထက် ဂလူးကို့ တစ်လုံးစာ (၅၀၀ စီစီ) ပိုသောက်ရန်။ ဖောနေ မောနေလျှင် ဆီးသွားသော ပမာဏ (သို့မဟုတ်) ၎င်းထက် လျော့သောက်ရန်။ များများသောက်ပါက ခန္ဓာကိုယ် ပိုမို ဖောရောင်လာပြီး အဆုတ်တွင် ရေပြည့်ကာ အမောဖောက်လာတတ် ပါသည်။ ထိုအခြေအနေမျိုးတွင် ရေနှင့် အရည်များ လျော့သောက်ပြီး ဆီးဆေး (ဥပမာ-လေးဆစ် Lasix) ကိုပို၍ သောက်ကြည့်နိုင်ပါသည်။ (ဆရာ / ဆရာမများ အထူးညွှန်ကြားလျှင် ညွှန်ကြားသလို သောက်ပါ။)
မှတ်ချက်- အရည်ဟုဆိုရာတွင် သောက်ရေအပြင်၊ ဟင်းရည်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း၊ အကြောမှသွင်းသည့် အရည်အားလုံး ပါဝင်သည်။
၂။ အငံဓါတ် (ဆားဓါတ်) အငံ(ဆား)ကို ပေါ့ပေါ့ (လျော့)စားသင့်သည်။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်စသည့် အစားအစာများကို ရှောင်သင့်ပါသည်။ အထူးသဖြင့် ခန္ဓာကိုယ်ဖောရောင်နေ သောအချိန်တွင် အငံ(ဆားကို) လျော့စားပါ။ သို့ရာတွင် စိုးရိမ်စိတ် များပြီး အစားအသောက် ချက်ပြုတ်ရာတွင် အငံ (ဆား) ကို လုံးဝမထည့်ဘဲ စားသုံး ခြင်းမပြုသင့်ပါ။
၃။ အသား (Protein ဓါတ်) နှင့်ပတ်သက်၍ တစ်နေ့လျှင် ကြက်ဥ (၁) လုံးမှ (၂) လုံး အရွယ်ခန့်ရှိ ပမာဏကို စားသုံးရန်၊ များလွန်းလျှင် ကျောက်ကပ် ပျက်စီးမှု ပိုမို များပြားနိုင်ပြီး နည်းလွန်းက အာဟာရ ချို့တဲ့နိုင်သည်။
၄။ အဆီအဆိမ့်၊ အသားမှရသောအဆီ၊ ထောပတ်၊ မလိုင်၊ အုန်းနို့၊ ကြက်ဥ အနှစ်စသည့် အဆီအဆိမ့်များရှောင်ပါ။ ငါးအဆီကိုမူ အသင့်အတင့်စားနိုင်သည်။
၅။ အစားအစာချက်ပြုတ်ပြင်ဆင်စားသုံးရာတွင် သန့်ရှင်းမှုကို သာမန်ထက် ပို၍ အလေးထား ဂရုပြုပါ။
၆။ အရောင်ဆိုးထားသော အစားအစာများ၊ မသန့်ရှင်းသောအစားအစာများ၊ ယင်နားသော အစားအစာများ၊ မလတ်ဆတ်သော အသီးအရွက်များ စားခြင်း ကိုရှောင်ပါ။
၇။ မိမိနှင့် တည့်မတည့် မသိသော အစားအစာ (သို့မဟုတ်) တစ်စုံတစ်ရာကို ခဏခဏ (သို့မဟုတ်) တစ်ကြိမ်ထက် များများမစားရန်။
၈။ ဆီးချိုအတွက် သီးသန့် အစားအသောက် စာရွက်ကိုပါ လိုက်နာရန်။
၉။ အခြား အထူးညွှန်ကြားချက်များရှိပါက လိုက်နာရန်။
အခြားအကြောင်းအရာများ
၁။ လူထူထပ်ပြီး ဖုန်တထောင်းထောင်း ထသည့် နေရာများကို ရှောင်ပါ။
၂။ လေဝင် လေထွက်နည်းပြီး လူအများ (အထူးသဖြင့် ချောင်းဆိုးနေသည့် သူ၊ တီဘီရောဂါရှိနေသူများ) စုဝေးနေသော အခန်းများ (ဥပမာ-တီဗွီ၊ ဗီဒီယို ပြသောရုံများ) ကို ရှောင်ပါ။
၃။ အိမ်ထောင်ရှိသော အမျိုးသမီးများ ကျောက်ကပ်ဆေး သောက်နေစဉ် အတွင်း ကလေးမယူသင့်ပါ။
သတိပြုရန်
အောက်ဖော်ပြပါ လက္ခဏာတစ်ခုခုရှိလျှင် ကျောက်ကပ်ရောင်ရောဂါ ရှိနိုင်သည်ကို ဂရုပြုပါ။
၁။ ဖောရောင်ခြင်း။
၂။ သွေးတိုးခြင်း။
၃။ ဆီးနည်းခြင်း။
၄။ ဆီးသွားလျှင် သာမာန်ထက် အမြှုပ်ထခြင်း။
၅။ ညတွင် ဆီးသာမန်ထက် ပိုသွားရခြင်း။
၆။ ဆီးတွင်း သွေးပါခြင်း။
၇။ မည်သည့် လက္ခဏာမျှမရှိသော်လည်း ဆီးစစ်ကြည့်သည့်အခါ ဆီးတွင်း အသားဓါတ် [Albumin+(or)Protein+] ပါနေခြင်း။
ကျောက်ကပ်ပျက်စီးအလုပ်မလုပ်ခြင်း (Renal Failure) မှကာကွယ်နိုင် ရန် ကျောက်ကပ်ရောင်ရောဂါကို အချိန်မီ ထိရောက်စွာ ကုသရန် အရေးကြီး ပါသည်။
Centers & Clinics
Specialties
24 hour services