Electroencephalogram (EEG)
ဦးနှောက်ဆဲလ်များသည် တစ်ခုနှင့်တစ်ခု (electrical impulse) ဟုခေါ်သော လျှပ်စီးကြောင်းဖြင့် ဆက်သွယ် အလုပ်လုပ်နေကြသည်။
Electroencephalogram (EEG) သည် ဦးနှောက်အတွင်း ထိုလျှပ်စီးကြောင်း (သို့) လှိုင်းများ၏ မူမမှန်မှုများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်သော တစ်ခုတည်းသော စစ်ဆေးမှု ဖြစ်ပါသည်။
EEG ဆွဲနေစဉ်တွင် electrode များကို သင်၏ ဦးရေပြားပေါ်တွင် ကပ်ထားမည်ဖြစ်ပြီး ထို electrode များမှတစ်ဆင့် ဦးနှောက်အတွင်းရှိ ဆဲလ်များ၏ သေးငယ်သော လျှပ်စီးကြောင်းများကို ဖမ်းယူ ပုံဖော်ပေးမည် ဖြစ်ပါသည်။
EEG ဆွဲခြင်းအားဖြင့် လူနာ၏ အခြေအနေအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း၊ ကုသမှုများအတွက် ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ အထူးအားဖြင့် မွေးကင်းစကလေးနှင့် ကလေးငယ်များတွင် နောက်ဆက်တွဲ အာရုံကြော ပြသာနာများအား ကာကွယ်နိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
EEG ဖြင့် မည်သည့်ရောဂါများကို သိရှိနိုင်သလဲ?
အောက်ပါရောဂါအခြေအနေများတွင် EEG ဆွဲ၍စမ်းသပ်ခြင်းဖြင့် ခွဲစိတ်ရန်မလိုဘဲ ဦးနှောက်ထဲရှိ လျှပ်စီးကြောင်းများ၏ အခြေအနေကို သိရှိနိုင်ပါသည်။
- တတ်ခြင်း။ (ဦးနှောက်အတွင်းရှိ လျှပ်စီးကြောင်းများ ရုတ်တရက် မှုမမှန် ပြောင်းလဲမှုကြောင့် ခန္ဓာတစ်ခုလုံး တောင့်တင်းကာ တုန်၍ သတိလစ်သွားခြင်း )
- အတတ်ရောဂါ။ (၂၄ နာရီခြား၍ အကြောင်းရင်းခံ မရှိဘဲ အနည်းဆုံး (၂)ကြိမ်နှင့် အထက် တတ်ခြင်း)
- ခေါင်းမှုးခြင်း၊ ခေါင်းကိုက်ခြင်း။
- အိပ်မပျော်ခြင်း။
- ဦးခေါင်း ထိခိုက်ဒဏ်ရာ ရရှိခြင်း။
- လေဖြတ်ခြင်းနှင့် အခြားဦးနှောက်နှင့် ပတ်သက်သောရောဂါများ။
- ဦးနှောက်ကင်ဆာ။
- ဦးနှောက်သေဆုံးခြင်း အစရှိသည့် ရောဂါများကို အဖြေရှာဖွေ ဖော်ထုတ်နိုင်ပါသည်။
EEG အားမပြုလုပ်မီ သက်ဆိုင်ရာ ဆရာဝန်ကြီးနှင့် ဦးစွာဆွေးနွေး တိုင်ပင်သင့်ပါသည်။
ဆွေးနွေးတိုင်ပင်၍ ဆရာဝန်ကြီးမှ EEG ပြုလုပ်ရန် ညွှန်ကြားချက်ပါရှိမှသာ EEG ပြုလုပ်နိုင်ပါသည်။
စစ်ဆေးပြီးပါက သက်ဆိုင်ရာ ဦးနှောက်နှင့်အာရုံကြောဆရာဝန်ကြီးမှ ဖတ်ရူပေးမည်ဖြစ်ပြီး အဖြေထုတ်ပေးပါမည်။
EEG မဆွဲမီ မည်သို့ ပြင်ဆင်လာရမည်နည်း ?
- EEG မဆွဲမီ ညတွင် ခေါင်းလျှော်လာရန် လိုအပ်ပါသည်။
- စစ်ဆေးမည့်နေ့တွင် ခေါင်းလိမ်းဆီ၊ ဂျယ် စသည်တို့ကို မလိမ်းရပါ။
- ကော်ဖီ၊လက်ဖက်ရည်စသည့် ကဖိန်းဓာတ်ပါသော အစားအသောက်များကို စမ်းသပ်မှုမပြုမီ (၁၂) နာရီအတွင်း မသုံးဆောင်ရပါ။
- စစ်ဆေးမှု မစမီ သန့်စင်ခန်း သွားထားပါ။
EEG ပြုလုပ်လျှင် အချိန်မည်မျှ ကြာမည်နည်း ?
EEG ပြုလုပ်လျှင် ခန့်မှန်းကြာချိန်မှာ (၁) နာရီမှ (၁) နာရီခွဲအတွင်း ဖြစ်ပါသည်။ လူနာအခြေအနေပေါ်မှုတည်၍ ကြာမြင့်ချိန် ပြောင်းလဲနိုင်ပါသည်။
Centers & Clinics
Specialties
24 hour services