July 29, 2021

ရင်သားကင်ဆာကုသမှု အောင်မြင်ပြီးနောက် ဘယ်လိုနေထိုင်သင့်သလဲ?

အမျိုးသမီးများမှာ အသက်အရွယ်၊ မျိုးရိုးဗီဇ အပြင် နေထိုင်မှုပုံစံ စသည့်အချက်များအပေါ် မူတည်၍ ရင်သားကင်ဆာဖြစ်ရန် အခွင့်အလမ်းများမတူညီနိုင်ပါ။ သတိထားသင့်သည့် အချက်မှာ ရင်သားကင်ဆာ ဖြစ်ဖူးသော အမျိုးသမီးများမှာ ပုံမှန်အမျိုးသမီးများထက် နောက်တစ်ကြိမ် ကင်ဆာဖြစ်ပွားနိုင်သော ရာခိုင်နှုန်းပိုများနေခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ရင်သားကင်ဆာကုသမှုရဲ့နောက်တွင် ကျန်းမာသောနေထိုင်မှုပုံစံများ မှာလည်း အလွန်အရေးကြီးလာပါတယ်။

မိမိကိုယ်တိုင် (သို့)ဆရာဝန် စမ်းသပ်ရာမှဖြစ်စေ၊ ရင်သားဓါတ်မှန်၊ ရင်သား အာထရာဆောင်းမှ ဖြစ်စေ ရင်သားကင်ဆာရောဂါ လက္ခဏာများတွေ့ရသည်နှင့် တစ်ပြိုင်နက် ကုသမှုခံယူသင့်ပါတယ်၊ စောလျှင်စွာ ကုသမှုခံယူမှသာ ရောဂါမဆိုးရွားခင် အချိန်မီ ကာကွယ်ထိန်းချုပ်နိုင်မှာပါ။

ကင်ဆာအမျိုးအစား၊ အဆင့်များပေါ်မူတည်၍ ကုသမှု မတူညီကြပါ။ ရင်သားတစ်ခုလုံးဖြစ်စေ၊ ကင်ဆာဖြစ်သော အပိုင်းကိုဖြစ်စေ ခွဲစိတ်ကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့်ဖြစ်စေ၊ ကင်စာဆေးသွင်း၍ဖြစ်စေ ကုသခြင်း စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ အရေးကြီးဆုံးအချက်မှာ ကုသမှုအောင်မြင်ပြီး ကင်ဆာထပ်မံ မဖြစ်ပွားအောင် မိမိကိုယ်ကို စောင့်ရှောက်နေထိုင်ရမှာပဲ ဖြစ်ပါတယ်။

ရင်သားကင်ဆာနှင့် နောက်ဆက်တွဲ ကျန်းမာသောနေထိုင်မှုပုံစံ

ပထမဆုံး ကုသမှု ပြီးသော်လည်း ဆရာဝန်နှင့် ရက်ချိန်းများ မှန်မှန်ဆက်ပြသွားဖို့လိုပါတယ်။ ဒါဟာ ကုသမှုကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများကို စောင့်ကြည့်နိုင်သလို နောက်တစ်ကြိမ် ကင်ဆာဖြစ်နိုင်သော ရောဂါလက္ခဏာများကိုလည်း အစောဆုံးသိရှိနိင်ရန် ဖြစ်ပါတယ်။

နောက်တစ်ချက်မှာ ပုံမှန်ရက်ချိန်းအတိုင်း ဆရာဝန်နှင့် ပြသရင်းမှ စစ်ဆေးသင့်သော ရင်သားဓါတ်မှန်၊ ရင်သားအာထရာဆောင်းစသော ပုံရိပ်ဖော် စစ်ဆေးမှုများနှင့် ရောဂါရှာဖွေခြင်းများပြုလုပ်သင့်ပါတယ်။ သုံးဖက်မြင် ရင်သားဓါတ်မှန်(3D Digital Mammography) ရိုက်ခြင်းမှာ ကင်ဆာရောဂါကို အစောဆုံးသိရှိနိုင်သော တိကျသောစစ်ဆေးမှုတစ်ခုဖြစ်ပါတယ်။ ရင်သားဓါတ်မှန်ရိုက်ခြင်းကို ပုံမှန်အားဖြင့် ၆ လတစ်ခါ၊ တစ်နှစ်တစ်ခါ စစ်ဆေးလေ့ရှိပါတယ်။

ရင်သားကင်ဆာရောဂါကြောင့် ဟော်မုန်းဆေးများသောက်ရလျှင် အရိုးပွ အရိုးပါးရောဂါဖြစ်နိုင်ခြေကြောင့် အရိုးသိပ်သည်းဆစစ်ဆေးခြင်း (Bone Dexa Scan) အပြင် သွေးစစ်ခြင်းများပါ ပုံမှန် စစ်ဆေးနေသင့်ပါတယ်။

ရင်သားကင်ဆာ နောက်တစ်ကြိမ်မဖြစ်ရန် မိမိရဲ့နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲနိုင်ရပါမယ်။ ပထမဆုံး ကိုယ်အလေးချိန် လျှော့ရပါမယ်။ အဝလွန်ခြင်းက ရင်သားကင်ဆာဖြစ်နိင်ချေပိုများသည့်အပြင် ကင်ဆာကြောင့် အသက်ဆုံးနိုင်ချေ ပိုများပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ကိုယ်လေးချိန်လျှော့ချခြင်းမှာ ရင်သားကင်ဆာဖြစ်ဖူးသူ အပြင် ရောဂါရှိခဲ့ရင်တောင် ပြန်လည်သက်သာနှုန်း ပိုမိုကောင်းပါတယ်။

စားသောက်မှုပုံစံမှာလည်း ကျန်းမာရေးနှင့် ညီညွတ်ရပါမယ်။ မည်သည့်အစားအစာများစားလျှင် ကင်ဆာသက်သာနိုင်တယ်လို့ အတိအကျလေ့လာထားခြင်း မရှိသော်လည်း အဆီလျှော့စားသောသူများမှာ သာမန်လူများထက် ရင်သားကင်ဆာ ပြန်လည်ဖြစ်ပွှားနှုန်းပိုနည်းသည်ဟု အချိုု့လေ့လာချက်များတွင်တွေ့ရှိနိုင်ပါတယ်။

ဗီတာမင်နှင့် ဖြည့်စွက်စာများမှာ ကင်ဆာရောဂါ ဖြစ်နှုန်းကို မလျှော့ချနိုင်ပါ။ အကယ်၍ သောက်သုံးချင်လျှင် ဆရာဝန်နှင့်သေချာတိုင်ပင်ဆွေးနွေးပြီးမှသာ သောက်သုံးသင့်ပါတယ်။

နောက်ဆုံးတစ်ခုက အရက်လုံး၀ မသောက်ရပါ။ အရက်သောက်ခြင်းက ခန္ဓာကိုယ်ရှိ ဟော်မုန်းပမာဏကို များစေပြီး ကင်ဆာပြန်ဖြစ်ပွားနိုင်ခြေကို သိသိသာသာ များစေပါတယ်။

ရင်သားကင်ဆာနှင့် ကိုယ်ဝန်ဆောင်ကျန်းမာရေး

ရင်သားကင်ဆာဖြစ်သောအမျိုးသမီးများ ကိုယ်ဝန်ဆောင်နိုင်ပါတယ်။ ကုသမှုအပြီး ၂ နှစ်မှာ ကိုယ်ဝန်စဆောင်နိုင်ပါတယ်။ သို့သော် အချို့သောကုသမှုများမှာ သားအိမ်၊သားဥအိမ်များ ထိခိုက်နိုင်သဖြင့် ကုသမှုမစခင် ဆရာဝန်နှင့်ကြိုတိုင်ပင်ထားသင့်ပါတယ်။

အချို့သောအမျိုးသမီးများမှာ ကလေးနို့တိုက်လျှင် ကင်ဆာပြန်ဖြစ်မှာ စိုးရိမ်ကြပါတယ်။ အမှန်မှာ ကလေးနို့တိုက်ခြင်းကြောင့် ရင်သားကင်ဆာပြန်လည် ဖြစ်နိုင်ကြောင်း တိကျသော စစ်တမ်းများမရှိပါ။ ကင်ဆာရောဂါရာဇဝင်ကြောင့် ရင်သွေးတွင် ထိခိုက်မှု မရှိနိုင်သော်လည်း အချို့သောာကုသမှုများဖြစ်သော ဓါတ်ရောင်ခြည်ပေးခြင်း၊ ဆေးသွင်းကုသခြင်းများမှာ ရင်သွေးအပေါ်ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် ကုသမှုခံနေစဉ် ကင်ဆာဆေးများသောက်နေစဉ်ကာလအတွင်း ကလေးနို့တိုက်ရန် လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ရန် အလွန်ရေးကြီးပါတယ်။

ရင်သားကင်ဆာဖြစ်ဖူးသူ အမျိုးသမီးများမှာ ရင်သားကင်ဆာရောဂါ အပြင် ကုသမှု၏ နောက်ဆက်တွဲ ကြောင့် အခြားသောကင်ဆာများဖြစ်နိုင်ချေ ပုံမှန်ထက် ပိုများပါတယ်။ ဒါကြောင့် ရင်သားကင်ဆာဖြစ်ပြီးသော အမျိုသမီးများ အနေနှင့် သိသင့်သော ကျန်းမာရေးအချက်များကို သိရှိ၍ ဆရာဝန်ကြီးများနှင့် ပြသပြီး ပုံ ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်သွားမှသာ ကင်ဆာရောဂါကို ဒုတိယအကြိမ်တွင် အလုံးစုံ ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

Reference: https://www.cancer.org/cancer/breast-cancer/living-as-a-breast-cancer-su...