January 22, 2021

ကလေးငယ်ဖျားနာချိန်တွင် အာဟာရဓာတ်ပြည့်ဝအောင်ကျွေးမွေးခြင်း

နေမကောင်းတဲ့အချိန်မှာ ကလေးငယ်များအတွက် အာဟာရပြည့်ဝအောင် ကျွေးခြင်း၏ အရေးကြီးပုံကို ဖော်ပြလိုက်ပါတယ်။

ဖျားနာနေစဉ်အတွင်း

အသက် (၆)လအောက် ကလေးများတွင် မိခင်နို့ တစ်မျိုးတည်းကိုသာ အကြိမ်ရေများ၍သော်လည်းကောင်း၊ အချိန်ကြာကြာတိုက်ကျွေးခြင်း သော်လည်းကောင်း ပြုလုပ်ပေးပါ။ ကလေးငယ် မိခင်နို့ကို ကောင်းစွာစို့ရန် အခက်အခဲရှိပါက ညှစ်ထားသော မိခင်နို့ကို ဇွန်းဖြင့်ဖြစ်စေ တိုက်ကျွေးနိုင်ပါသည်။

အသက် ၆လအထက်ကလေးများတွင် မိခင်နို့ကို အထက်တွင် ဖော်ပြထားသည့် အတိုင်း ဆက်လက် တိုက်ကျွေးရမည့်အပြင် ဖြည့်စွက်စာကို အာဟာရပြည့်ဝပြီး အင်အားဓာတ် အပြည့်ဝပါအောင် ချက်ပြုတ်ပြင်ဆင်ပေးရန် လိုအပ်ပါသည်။ ဖျားနေစဉ်အတွင်း ကလေးငယ်သည် အစားအသောက်ပျက်ပြီး ပုံမှန်ထက် အစားနည်းခြင်းကြောင့် တစ်ခါကျွေးလျှင် ပမာဏအနည်းငယ်နှင့် အကြိမ်ရေ များများများကျွေးပါ။ ကလေးကြိုက်နှစ်သက်သော အစားအစာများကို နူးညံ့ပျော့ပျောင်းပြီး အလွယ်တကူ မျိုချနိုင်အောင် ချက်ပြုတ်ပြင်ဆင်ပေးပါ။ (သတိပြုရန်- ကျွေးမည့်အစားအစာ သို့မဟုတ် နို့ကို ရေအများအပြားရောပြီး ကျဲအောင်မပြုလုပ်ရန်။) အတင်းအကြပ်မစားစေပဲ စိတ်ရှည်ရှည်နှင့် ဖြည်းဖြည်းချင်းကျွေးပါ။

ဝမ်းပျက်ဝမ်းလျှောဖြစ်ချိန်တွင်

ကော်ဖီ၊ လက်ဖက်ရည်၊ သကြားပါသော အချိုရည်၊ ဆိုဒါ၊ သစ်သီးဖျော်ရည်များ မတိုက်သင့်ပါ။

သွေးလွန်တုပ်ကွေးရောဂါဖြစ်လျင် ရောဂါကြောင့် ကော်ဖီရောင် အန်ခြင်းနှင့် မှားနိုင်သောကြောင့် အညိုရောင်၊ အမဲရောင်ရှိသောအစားအစာများ (ဥပမာ အိုဗာတင်း၊ မိုင်လို၊ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်ဖျော်ရည်) များကို ရှောင်ပါ။

နာလန်ထစအချိန်တွင်

ကလေးအများစုသည် ဆုံးရှုံးသွားသော ရေဓာတ်၊ အာဟာရဓာတ်များ ပြန်လည်ဖြည့်တင်းရန်နှင့် ကိုယ်အလေးချိန်ပြန်တက်ရန် အာဟာရပြည့်ဝသော အစားအသောက်များကို ပုံမှန်ထက် အကြိမ်ရေတိုးကျွေးရန် အရေးကြီးသည်။ အနည်းဆုံး (၂) ပတ်ထိနေ့စဉ် ၁ကြိမ်-၂ကြိမ် (ကလေး အစားစားချင်စိတ်ပေါ် မူတည်ပြီး) ကိုယ်အလေးချိန် ပြန်တက်သည့်အချိန်အထိ ဆက်လက်ကျွေးရပါမည်။ ကလေးငယ်များ အစားအသောက်ပျက်စဉ် စားသုံးသည့် ပမာဏနည်းသွားသည်မှာ ပုံမှန်ဖြစ်တတ်လေ့ရှိသောကြောင့် စားသုံးသောပမာဏ အနည်းငယ်တွင် အင်အား(ကယ်လိုရီ) ပိုပါစေရန် အစားအသောက်များကို ပြင်ဆက်ချက်ပြုတ်ရာတွင် အဆီဓာတ်အုပ်စု အစားအစာများ (ဆီ၊ ထောပတ်၊ ချိစ်၊ မာဂျရင်း၊ ထောင်းထားသော အစေ့အဆံများ) ကိုထည့်ခြင်းဖြင့် ကလေးတစ်ရက်တာ လိုအပ်သော စွမ်းအင်ပြည့်ဝရန ပိုမိုလွယ်ကူစေပါသည်။

အယူအဆအမှားများ

ကလေးနေမကောင်းလျှင်၊ ဝမ်းလျှောနေစဉ် မိခငနို့တိုက်ခြင်း၊ အစာကျွေးခြင်းများကို ကန့်သတ်ခြင်း၊ ပမာဏနှင့် အကြိမ်ရေကို လျှော့ချခြင်း၊ ကျွေးမည့်အစားအစာ/နို့ စသည်တို့ကို ရေကျဲကျဲပြင်ဆင်ခြင်းတို့သည် အာဟာရဓာတ်ဆုံးရှုံးမှုနှင့်ကိုယ်အလေးကျပိုမိုကျဆင်းစေပြီး နေမကောင်းသည့် အချိန်ကာလကိုပါ ပိုမိုကြာမြင့်စေပါသည်။

ဒေါက်တာ မေဖူးဇွန်
အာဟာရပညာရှင်
(Registered Associate Nutritionist, UKVRN)
M.B.,B.S., M.Sc in Human Nutrition with Clinical Nutrition Specialisation (Glasgow)