January 29, 2021

အရိုးသိပ်သည်းဆကို သိထားရင် သင့်အတွက် ဘယ်လို အကျိုးရှိနိုင်မလဲ?

လူသားတို့၏ အရိုးသည် အသက်ရွယ်ရလာတာနှင့် တဖြည်းဖြည်း သိပ်သည်းမှုနည်းပါးလာတတ်ကြပြီး အချို့သောသူတွေမှာ အရိုးပွရောဂါ ခံစားကြရပါတယ်။ အမျိုးသမီးများတွင် သွေးဆုံးပြီးနောက်ပိုင်း အရိုးပွရောဂါ ပိုမိုဖြစ်ပွားတတ်ပါတယ်။

အသက်အရွယ်ကြောင့်အပြင် Steroid နှင့် အချို့သော ကင်ဆာဆေးများကို ကြာရှည်သောက်သုံးရခြင်း၊ ဆေးလိပ်နှင့် အရက်အလွန်အကျွံသောက်သုံးခြင်း၊ လေ့ကျင့်ခန်းပုံမှန် ပြုလုပ်လေ့မရှိခြင်းတို့ကလည်း အရိုးပွရောဂါကို မြန်ဆန်စွာ ဖြစ်စေနိုင်သည်။

အရိုးပွရောဂါဖြစ်သူများမှာ ပုံမှန်ထက် အရိုးကျိုးဖို့ ရာခိုင်နှုန်း ပိုများသောကြောင့် စနစ်တကျ ကာကွယ်ကုသရမှာပါ။

ပထမဆုံး မိမိတွင် အရိုးပါး အရိုးပွရောဂါ ရှိ၊မရှိ အရင်ဆုံး စမ်းသပ်စစ်ဆေးသင့်ပါတယ်။ အချို့ဆိုလျှင် အရိုးကျိုးပြီးမှ မိမိတွင် ရောဂါရှိမှန်းသိတတ်ကြပါတယ်။
မိမိအရိုးသိပ်သည်းမှုကို စမ်းသပ်စစ်ဆေးထားမှသာ အရိုးကျိုးနိင်ခြေကို သိရှိနိုင်မည့်အပြင် လိုအပ်သောဆေးသောက်ခြင်း၊ လေ့ကျင့်ခန်းဖြင့် ကာကွယ်ခြင်းများ စတင်ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

အရိုးပွရောဂါအတွက် မဖြစ်မနေပြုလုပ်ရမည့် စမ်းသပ်စစ်ဆေးမှုမှာ အရိုးသိပ်သည်းဆ ရိုက်ကူးခြင်း (Bone Density Scan – DEXA Scan) ဖြစ်ပါတယ်။ ကျောရိုးနှင့် တင်ပါးဆုံရိုးကို အနည်းငယ်သော ဓါတ် ရောင်ခြည် X-Ray ဖြင့်ရိုက်ကူးပြီး အရိုးသိပ်သည်းဆ တိုင်းတာပေးခြင်းဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အသက် ၅၀ ကျော်လျှင် Bone Dexa Scan ကို စစ်ဆေးရမည်ဖြစ်ပြီး အရိုးပွရောဂါဖြစ်နိုင်ချေများရှိလျှင် ထို့ထက်စော၍ စစ်ဆေးထားသင့်ပါတယ်။ Bone Dexa Scan ရိုက်ရာမှ မိမိအရိုးကျိုးနိုင်ခြေ အနည်း၊အများကို သိရှိနိုင်ပြီး လိုအပ်သော ကုသမှု၊ ကာကွယ်မှုများကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ အရိုးသိပ်သည်းဆ စစ်ဆေးရာမှ အရိုးပွ၍ ကျိုးနိုင်ခြေများပါက အရိုးရောဂါ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ကာ ဆေးသောက်ခြင်း၊ ဟိုမုန်းအစားထိုး ကုသခြင်း၊ ဆေးထိုးခြင်း၊ Vitamin Supplement များ ပုံမှန်သောက်သုံးခြင်းများ ပြုလုပ်ရပါမယ်။

အရေးကြီးဆုံးမှာ ပြုတ်ကျခြင်း၊ ချော်လဲခြင်းများမဖြစ်စေရန် အထူးဂရုစိုက်ရပါမယ်။ အရိုးပွရောဂါအတွက် အထိရောက်ဆုံးကာကွယ်မှုမှာ ကောင်းမွန်သောနေထိုင်စားသောက်မှုနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းသာဖြစ်ပါတယ်။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများမှာ သွေးတိုး၊နှလုံး၊ ဆီးချိုရောဂါများကို ကာကွယ်ခြင်းအပြင် အရိုးသိပ်သည်းဆကို ကောင်းစေပါတယ်။

ထို့အပြင် အရိုးပွရောဂါ ကာကွယ်စေရန် Vitamin D နှင့် Calcium ကိုလည်း ဖြည့်စွက်သောက်သုံးနိုင်ပါတယ်။ သို့သော် နေ့စဉ်လိုအပ်သော Vitamin D ပမာဏမှာ 10 mcg ဖြစ်ပြီး Calcium ပမာဏမှာ 700 mg ဖြစ်၍ လိုအပ်သောပမာဏထက် များစွာသောက်သုံးလျှင် အရိုးရောဂါကို ပိုဆိုးစေသည့်အပြင် ကျောက်ကပ်ရောဂါပါ ဖြစ်စေနိုင်ပါတယ်။

ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းမှာလည်း အရိုးပွရောဂါကို ထိရောက်စွာကာကွယ်နိုင်သောကြောင့် မိမိရဲ့ အသက်အရွယ် ရောဂါပေါ်မူတည်၍ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ အလေးမခြင်း၊ Aerobic Exercise၊ Yoga နှင့် Stretching Exercise စသည်ဖြင့် လိုက်ဖက်သော လေ့ကျင့်ခန်းများပြုလုပ်နိုင်တယ်။

ထိုနည်းလမ်းများဖြင့် ကျန်းမာသန်စွမ်းပြီး အရိုးပွခြင်းကင်း၍ အရိုးမကျိုးအောင် ကာကွယ်စောင့်ရှောက်နိုင်မှာပဲ ဖြစ်ပါတယ်။

Reference: https://www.nhs.uk/conditions/osteoporosis/