အစာအိမ်ရောဂါများ
(၁) အစာအိမ်အနာ
(၂) အူသိမ်ဦးပိုင်းအနာ
(၃) အစာအိမ်ရောင်ခြင်း တို့ဖြစ်ပါသည်။
အစာအိမ်ရောင်ရောဂါဆိုသည်မှာ
အစာအိမ်ရောင် ရောဂါတွင် ရုတ်တရတ် အစာအိမ်ရောင်ခြင်း(Acute Gastritis) နှင့် နာတာရှည်အစာအိမ်ရောင်ခြင်း (Chronic Gastritis) ဟူ၍ နှစ်မျိုးရှိသည်။
အစာအိမ်ရောင်ရောဂါသည် မကြာခဏ အစာအိမ်နံရံများ ပျက်စီးပြီး သွေးများလည်း ထွက်တတ်ပါသည်။
ရောဂါလက္ခဏာများ
- ဗိုက်အပေါ်ပိုင်း နာကျင်ခြင်း။
- ရင်ဝတွင် မီးစနှင့် ထိုးသလို ပူခြင်း။
- အစာမကြေဖြစ်ခြင်း။
- ပျို့ခြင်း၊အန်ခြင်း။
- အစားအသောက်စား၍ မရခြင်း။
- သွေးအန်ခြင်း။
- ကတ္တရာစေး ဝမ်းအမည်းများသွားခြင်းတို့ ဖြစ်နိုင်ပါသည်။
အစာအိမ်ရောင်သော လူနာအများစုမှာ ကြာရှည်စွာ မခံစားရဘဲ လျင်မြန်စွာ ပျောက်ကင်းပြီး မည်သည့်ဆေးစစ်ချက်များ မလိုအပ်ပါ။ သို့သော် အစာအိမ်အနာရောဂါ(Peptic Ulcer)နှင့် အစာအိမ်ကင်ဆာ (Gastric Cancer)များအား အစာအိမ်ရောင်သော ရောဂါနှင့် ခွဲခြားရန် မှန်ပြောင်း (Endoscopy) ကြည့်ပြီး အသားစယူသင့်ပါသည်။
Treatment (ကုသမှု)
အစာအိမ်ရောင်ရောဂါ ကုသရာတွင် အစာအိမ်ရောင်ရခြင်း၏အကြောင်းအရင်းကို ကုသရန် လိုအပ်ပါသည်။
ရောဂါလက္ခဏာ သက်သာစေရန်အတွက်
- အက်စစ်ဓါတ်ပြယ်စေသောဆေးများ (Antacids - ဥပမာ - Tricaine Gel,Siloxogene)
- အက်စစ်ဓါတ် ဖြစ်ပေါ်ခြင်းကို ဟန့်တားသောဆေးများ (Proton Pump Inhibitor - ဥပမာ - Rabium, Esomeprazole)၊ (H2 Blocker - ဥပမာ - Ranitidine, Cimetidine)
- အအန်ပျောက်စေသောဆေး (Antiemetics) များပေးနိုင်ပါသည်။
အစာအိမ်ရောင်ရောဂါဖြစ်ရခြင်း အဓိကအကြောင်းအရင်းများ
ရုတ်တရက်ဖြစ်ပေါ်လာသော အစာအိမ်ရောင်ခြင်း
- အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း။
- အကိုက်အခဲအရောင်ကျစေသော ဆေးဝါးများ(ဥပမာ - Aspirin,Ibuprofen,Piroxican)သည် အစာအိမ်နံရံကို ထိခိုက်မှုဖြစ်ကာ အစာအိမ်အနာများ၊ သွေးယိုစီးမှုများ ဖြစ်နိုင်ပါသည်။
- သွေးကျဲဆေးများ သုံးစွဲခြင်း။ (Aspirin, Clopidogrel)
- အစာအိမ် ဘက်တီးရီးယားပိုး(H-pylori)ဝင်ရောက်ခြင်း။
- အရက်၊ဘီယာများ အလွန်အကျွံသောက်သုံးခြင်း။
- ပြင်းထန်သော ဖိစီးမှု(Stress) များကြောင့်အစာအိမ်ရောင်ခြင်း။ ဥပမာ - မီးလောင်ခံရခြင်း (Burn) ၊ ခေါင်းထိခိုက်မှုဖြစ်ခြင်း၊ကိုယ်တွင်းကလီစာများ ပျက်စီးခြင်း (Multiogan Failure)
- အစာအိမ်ခွဲစိတ်မှု ခံယူပြီးနောက် သည်းခြေရည်များ အပေါ်တက်ခြင်း (Bile Reflux)
- ဗိုင်းရပ်စ် အချို့ကြောင့်အစာအိမ်ရောင်ခြင်း(ဥပမာ - ခုခံအားကျဆင်းသော ရောဂါတွင် ဝင်သော ရေယုန်ပိုးကြောင့်)
နာတာရှည် အစာအိမ်ရောင်ရောဂါ ဖြစ်ရသော အကြောင်းအရင်း
- ဘက်တီးရီးယားပိုး(H-pylori) ကြောင့် ရောင်ရမ်းခြင်း။
- အလိုအလျောက် မိမိခုခံစွမ်းအားများက အစာအိမ်နံရံကို တိုက်ခိုက်သောကြောင့် အစာအိမ်ရောင်ခြင်း(Autoimmune Pernicious Anaemia)
- အစာအိမ်ဖြတ်တောက်ပြီးသောလူနာများ (Post Gastrectomy)
- အစာအိမ်၊အူလမ်းကြောင်းတွင်ဖြစ်သော ရောဂါ (Crohn`s Disease)
ဘက်တီးရီးယား(H-pylori)ကြောင့်ဖြစ်သော နာတာရှည်အစာအိမ်ရောင်ခြင်း
- အစာအိမ်ရောဂါပိုးသည် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အသက်အရွယ်အလိုက် ဖြစ်ပွားမှုနှုန်း မြင့်တတ်လာပါသည်။
- အင်္ဂလန်နိုင်ငံတွင် အသက် (၅၀)နှစ် လူများတွင် ပိုးရှိသည့်နှုန်း၅၀%ရှိပါသည်။
- ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မှု ပိုးရှိသည့်နှုန်းမှာ များပြားပြီး ကလေးဘဝတွင်ပင်ရရှိနိုင်ပါသည်။
- အချို့သူများတွင် ပိုးရှိနေသော်လည်း ရောဂါလက္ခဏာများ မပြပါ။
- အူသိမ်အနာ လူနာ ၉၀% နှင့် အစာအိမ်အနာရှိသောလူနာ ၇၀%တို့သည် အစာအိမ်ရောဂါပိုးကြောင့်ဖြစ်သည်။
- အစာအိမ်ရောဂါပိုးသည် အစာအိမ် အမြှေးပါးနံရံနှင့်ကပ်လျက်ရှိပါသည်။ လူတစ်ဦးနှင့်တစ်ဦး ကူးစက်နိုင်ပါသည်။ အစာအိမ်မှ ပြန်ထွက်လာသော အန်ဖက်များနှင့် ကူးနိုင်ပါသည်။
- အစာအိမ်ရောဂါပိုးသည် နာတာရှည် အစာအိမ်ရောင်ခြင်းကို ဖြစ်စေပြီး အစာအိမ် အမြှေးပါးကို ရောင်ရမ်းစေပါသည်။
- ၃၀% သော အစာအိမ်အနာရှိသော လူနာများသည် အကိုက်အခဲပျောက်ဆေးကြောင့် ဖြစ်ပါသည်။
- အစာအိမ်ရောဂါပိုးကို သေချာစွာ စစ်ဆေးရန် လိုအပ်ပါသည်၊ပျောက်ကင်းသည်အထိ ကုသပါ။ရောဂါပိုးကုပြီးလျှင်လည်း ပိုးကုန်/မကုန် ပြန်စစ်ပါ။
မည်မျှကြာကြာ ဆေးကုသရမလဲ
အစာအိမ်အနာနှင့် အူသိမ်ဦးပိုင်းအနာတို့သည် (၆)ပတ်မှ (၈)ပတ်အထိ ဆေးသောက်ရန် လိုအပ်ပါသည်။
နောက်ဆက်တွဲဆိုးကျိုးများ
- သွေးအန်ခြင်း၊ဝမ်းမည်းမည်းသွားခြင်း၊
- အစာအိမ်ပေါက်ခြင်း၊
- အစာအိမ်ထွက်ပေါက်ပိတ်ခြင်း၊
- အစာအိမ်ကင်ဆာ ဖြစ်စေနိုင်ခြင်း။
အစာအိမ်အနာ ပြန်ဖြစ်နိုင်ပါသလား။
အနာများသည် ဆရာဝန်ညွှန်ကြားသည့်အတိုင်း သေချာစွာ စနစ်တကျ ကုသမှုခံယူပါက ၄ပတ်မှ ၈ပတ်အတွင်း ရာခိုင်နှုန်းပြည့် နီးပါး အနာကျက်ပြီး သက်သာပျောက်ကင်းပါသည်။ ပြန်ဖြစ်သည့် လူဦးရေမှာ အလွန်နည်းပါးသည်။
အကိုက်အခဲပျောက်ဆေးကြောင့် အနာဖြစ်ပါက နောက်ပိုင်း အကိုက်အခဲပျောက်ဆေးသောက်သည့် အချိန်တွင် ပြန်ဖြစ်နိုင်ပါသည်။
ခွဲစိတ်ရန် လိုပါသလား
ယခုခေတ်တွင် အစွမ်းထက်သည့် ဆေးဝါးများကြောင့် အစာအိမ်အနာကို ခွဲစိတ်ကုသရခြင်း အလွန်နည်းပါးသည်။ သို့သော်
- အစာအိမ်ပေါက်ခြင်း။
- အစာအိမ်သွေးကြောပေါက်ခြင်းကို ဆေးဝါး/အစာအိမ်မှန်ပြောင်းကြည့်ခြင်းတို့ဖြင့် ကုသ၍ မနိုင်ခြင်း။
- ဆေးသောက်သော်လည်း အစာအိမ်ထွက်ပေါက်ပိတ်ခြင်းမှာ သက်သာမှုမရှိခြင်း။
- ကင်ဆာရောဂါကြောင့် အစာအိမ်အနာဖြစ်ခြင်းတို့တွင် ခွဲစိတ်ကုသမှုခံယူရန် လိုအပ်ပါသည်။
လူနာများလိုက်နာရန်
- အစာအိမ်ရောင်ရောဂါဖြစ်ပါက သက်ဆိုင်ရာ ဆရာဝန်နှင့် ဆေးကုရန်။
- အစားအစာကို အချိန်မှန်မှန် စားရမည်။
- မလိုအပ်ဘဲ သွေးကျဲဆေး၊အကိုက်အခဲပျောက်ဆေးများ မသောက်ပါရန်။
- အရက်ဘီယာများလည်း အလွန်အကျွံ မသောက်ကြပါရန်။
- H-pylori ဘက်တီးရီးယားပိုး ရှိပါကလည်း ပျောက်ကင်းအောင် ဆေးကုသရန်။
- အစာအိမ်ပိုးကို သေချာစွာ စစ်ဆေးရန်၊ပျောက်ကင်းအောင်ကုသရန်၊ကုပြီး ပိုး ကုန်/မကုန် ပြန်လည်စစ်ဆေးရန်။
- အကိုက်အခဲပျောက်ဆေး (NSAID) (ဥပမာ Ibuprofen, Diclofenac, Piroxicam, Indomethacin)များကို ပါးစပ်သောက်ခြင်း၊စအိုမှသွင်းခြင်း၊အကြောမှ ထိုးခြင်း၊အသားဆေး ထိုးခြင်း မလုပ်ရပါ။
- အစာအိမ်ရောဂါရှိသူများသည် အကိုက်အခဲပျောက်ဆေးများမဖြစ်မနေ သောက်ရမည်ဆိုလျင် တတ်ကျွမ်းနားလည်သော ဆရာဝန် နှင့် တိုင်ပင်ပြီးမှသောက်ရန်။
ပါမောက္ခ ဒေါက်တာသိန်းမြင့်
ပါမောက္ခ/ ဌာနမှုး
အစာအိမ် အူလမ်းကြောင်း အထူးကုသမားတော်ကြီး
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်။