Vitamin D (ဗီတာမင် ဒီ) နှင့် တန်ဆေးလွန်ဘေး
ခန္ဓာကိုယ်တွင် အရိုးတည်ဆောက်ရေးနှင့် သန်မာရေးအတွက် ကယ်လ်စီယမ်ဓာတ်နှင့်အတူ Vitamin D ကို လိုအပ်ပါသည်။
- Vitamin D ၏ အဓိကတာဝန်သည် သွေးတွင်း Calcium ဓာတ် ပုံမှန်ရှိသင့်တဲ့ အတိုင်းအတာ ပမာဏအတွင်း ရှိနေစေရန် ထိန်းညှိပေးခြင်း၊
- အစားအစာများတွင်ပါဝင်သော ကယ်လ်စီယမ်ကို အူလမ်းကြောင်းမှ စုပ်ယူရာတွင် ကူညီပေးခြင်း၊
- ဆီးအတွင်း ပါဝင်သွားသော ကယ်လ်စီယမ်ကို ကျောက်ကပ်မှ ပြန်စုပ်ယူနိုင်အောင်လည်း ထိန်းပေးထားခြင်းတို့ ဖြစ်ပါသည်။
Vitamin D ချို့တဲ့စေသော အကြောင်းအရင်းများ
- သက်ကြီးရွယ်အိုများ (အစားအစာများမ ှရရှိသောဗီတာမင်ဒီကို အူလမ်းကြောင်းမှ စုပ်ယူနိုင်စွမ်းနည်းသွားခြင်း၊ အရေပြားအောက်မှ ဗီတာမင်ဒီထုတ်လုပ်ပေးနိုင်သော ကုန်ကြမ်းပစ္စည်း နည်းသွားခြင်း)
- ကာလကြာမြင့်စွာ ရာသီဥတုမှုန်မှိုင်းပြီး နေရောင်ခြည်ကောင်းစွာမရသောဒေသတွင်နေထိုင်သူများ၊
- နေရောင်ခြည်ထိတွေ့မှုနည်းခြင်း (stay home ကာလ၊ အိမ်အပြင်ထွက်သောအခါ အကျီဘောင်းဘီရှည်များ ဝတ်ခြင်း၊ နေကာ sunscreen များလိမ်းခြင်းတို့ကြောင့် နေရောင်မထိနိုင်ခြင်း)၊
- အူလမ်းကြောင်း အဆီစုပ်ယူမှု ပြသနာရှိသောလူနာများ၊ ရောဂါကြောင့်အူသိမ်ဖြတ်ထုတ်ထားရသူများ၊
- အဝလွန်ရောဂါရှိသူများနှင့် အဝလွန်အတွက် gastric bypass surgery လုပ်ထားသူများ၊
- စတီးရိုက်(steroid)သောက်သုံးနေရသူများတွင် ဖြစ်သောအရိုးပွရောဂါ (steroid-induced osteoporosis) နှင့်ဆက်စပ်သောဗီတာမင်ဒီနည်းခြင်း တို့ဖြစ်ပါသည်။
- ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွင်ဗီတာမင်ချို့တဲ့ပါကမိမိရင်သွေးငယ်တွင်လည်း ဗီတာမင်ဒီ နည်းခြင်း ဖြစ်ပေါ်တက်ပါသည်။
Vitamin D ကိုသဘာဝအတိုင်း ဘယ်ကရရှိနိုင်ပါသလဲ?
- လက်/ခြေထောက်နေရာများကို နေရောင်ခြည် ၁ပတ်လျှင်အနည်းဆုံး ၂ကြိမ် (၁၀-၁၅မိနစ်ခန့်) ထိတွေ့ပေးခြင်းဖြင့် နေရောင်ခြည်ထဲတွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည် Type B UV-UVBကို အသုံးပြုပြီး အရေပြားအောက်တွင် Vitamin Dကို ထုတ်လုပ်ပါသည်။
- အစားအစာ - ပင်လယ်ငါးသလောက်၊ ဆယ်လမွန်၊ ဆာဒင်း၊ တူနာငါး၊ အမဲအသည်း၊ ကြက်ဥအနှစ်၊ မှိုအစို/အခြောက် စသည့် သဘာဝအစားအစာများအပြင် ဗီတာမင်ဒီအားဖြည့်ထားသော နို့နှင့်နို့ထွက်ပစ္စည်းများမှလည်း Vitamin Dကို အသင့်အတင့်ရရှိနိုင်ပါတယ်။
- နေရောင်ခြည်ထိတွေ့မှုများခြင်း၊ သဘာဝအစားအသောက်များအစားများခြင်းကြောင့် Vitamin D လွန်ကဲသွားခြင်းဆိုတာမရှိပါ။
Vitamin Dပါဝင်သော အားဆေးများ
- ယခုအချိန်လို Stay Home ကာလမှာ နေရောင်ခြည်နှင့် အစားအသောက်မှတဆင့် Vitamin Dကို ရဖို့ ခက်ခဲတဲ့အခြေအနေ (သို့) Vitamin D ချို့တဲ့နိုင်ချေများသော သူများသောက်သုံးမည်ဆိုလျှင် Vit D 400-1000 IU ပါဝင်သော အားဆေးများကိုသာ မှီဝဲသင့်ပါသည်။
- သွေးတွင်း Vitamin D ချို့တဲ့/မလုံလောက်သော အခြေအနေမဟုတ်ပဲ အများအပြား သောက်မိပါက Vitamin D လွန်ကဲခြင်း၏ နောက်ဆက်တွဲ ကျန်းမာရေးပြသနာများ ဖြစ်ပေါ်နိုင်ပါသည်။
- သွေးတွင်း Vitamin D ပမာဏလျော့နည်း/ချို့တဲ့သူများအနေဖြင့်လည်း ဆရာဝန်များနှင့်ပြသတိုင်ပင်ပြီးမှသာသောက်သုံးသင့်ပါတယ်။ လိုအပ်ချက်ပေါ်မူတည်ပြီးသောက်ရမည့် Vitamin D ဆေးပမာဏ၊ အကြိမ်ရေ၊ အချိန်ကာလ ကွာခြားသောကြောင့် ဖြစ်ပါတယ်။
- Vitamin D အားဆေးများကို လိုတာထက်ပိုပြီးသောက်ခြင်း၊ အချို့သော ရောဂါများကုသရာတွင်သုံးသည့် Vitamin D ပမာဏ အမြောက်အများပါသည့် အားဆေးများကို မိမိသဘောအတိုင်း သောက်သုံးခြင်းတို့သည် Vitamin D လွန်ကဲခြင်းကို ဖြစ်ပေါ်စေသည့် အဓိက အကြောင်းအရင်း ဖြစ်ပါသည်။
- နောက်ဆုံးသတိပြုရန်အချက်မှာ Vitamin D သည် အခြားသော Vitamin B,C ကဲ့သို့ ရေမှာပျော်ဝင်ပြီးပိုလျှံလျှင် ဆီးမှတဆင့် မစွန့်ပစ်နိုင်ပါ။ အဆီမှာပျော်ဝင်သော ဗီတာမင်အမျိုးအစားဖြစ်သောကြောင့် ခန္ဓာကိုယ်ထဲတွင် စုဆောင်းမိပြီး လွန်ကဲမှု အဖြစ်များရခြင်းဖြစ်ပါတယ်။
- Vitamin D အားဆေးသောက်သုံးခြင်းသည် Covid-19 ကို ကာကွယနိုင်သည်ဟု တိကျခိုင်မာသော ဆေးသိပ္ပံသက်သေအထောက်အထားများ ယခုအချိန်အထိ မတွေ့ရှိသေးပါ။
- ထို့ကြောင့် ခန္ဓာကိုယ်အတွက် တစ်နေ့တာ လိုအပ်သော Vitamin D ပမာဏ၊ အများဆုံးသောက်သုံးနိုင်သော ပမာဏနှင့် ခန္ဓာကိုယ်အတွင်း ရှိသင့်သည့် ပမာဏများကို ဖော်ပြပေးလိုက်ပါသည်။
Dr May Phoo Zun
Clinical Nutritionist (Grand Hantha International Hospital)
M.B.,B.S (YGN), M.Sc Human Nutrition with Clinical Nutrition Specialization (Glasgow, UK)
Reference: https://ods.od.nih.gov/factsheets/VitaminD-HealthProfessional/
The Journal of Clinical Endocrinology & Metaboilism https://www.ncbi.nlm.nih.gov/pmc/articles/PMC3232615/ https://www.endocrine.org/news-and-advocacy/news-room/2020/joint-guidanc...
Evaluation, Treatment, and Prevention of Vitamin D Deficiency: an Endocrine Society Clinical Practice Guideline https://academic.oup.com/jcem/article/96/7/1911/2833671
Centers & Clinics
Specialties
24 hour services