အစာအိမ်နှင့် အူမကြီးလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (Gastro-colonoscopy)ကို တွဲ၍သော်လည်းကောင်း၊ အစာအိမ်မှန်ပြောင်းကြည့်ရှုုခြင်း (Gastroscopy) (သို့) အူမကြီးလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (Colonoscopy) သက်သက်စီခွဲ၍လည်း ပြုလုပ်နိုင်ပါသည်။
အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်း (Gastroscopy) ဆိုသည်မှာ အစာရေမျိုပြွန်နှင့် အစာအိမ်အတွင်းနံရံ တစ်လျှောက်တွင် ဖြစ်ပွားနေသော ပုံမှန်မဟုတ်သည့် အခြေအနေများနှင့် ရောဂါအခြေအနေများကိုဆရာဝန်မှစစ်ဆေးကုသခြင်းဖြစ်ပါသည်။
အူမကြီးလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (Colonoscopy) ဆိုသည်မှာ အူမကြီးလမ်းကြောင်းအတွင်းနံရံရှိ ပုံမှန်မဟုတ်သော အခြေအနေများနှင့် ရောဂါအခြေအနေများကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးကုသခြင်းဖြစ်သည်။
မှန်ပြောင်းကြည့်ရှုရာတွင် (၁)စင်တီမီတာလုံးပတ်ခန့်ရှိ ပုံရိပ်ဖော်ကင်မရာပါဝင်သော သေးငယ်ပျော့ပြောင်းသည့် အထူးပြုလုပ်ထားသော ပိုက်လုံးကိရိယာဖြင့် ရောဂါရှာဖွေ ကြည့်ရှုစစ်ဆေးကုသခြင်းဖြစ်ပါသည်။မှန်ပြောင်းမှတစ်ဆင့် အတွင်းနံရံ၏ ပုံရိပ်ကို တီဗွီဖန်သားပြင်ပေါ်တွင်ပြတ်သားစွာ မြင်နိုင်ပါသည်။ ထို့အပြင်လိုအပ်ပါက နှမ်းစေ့အရွယ် အသားစကို မနာကျင်စေဘဲ မှန်ပြောင်းမှတစ်ဆင့် ထုတ်ယူ၍ဓါတ်ခွဲစစ်ဆေးမည်ဖြစ်ပါသည်။ အသားပို အဖုအကြိတ်များရှိပါကလည်း မှန်ပြောင်းမှတစ်ဆင့် ရှင်းလင်းဖယ်ထုတ်ခြင်းဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါကို အချိန်မီကာကွယ်နိုင်မည်ဖြစ်ပါသည်။
အစာအိမ်မှန်ပြောင်းကြည့်ရှုသင့်သူများ
(၁) အသက် ၅၅ နှစ်နှင့်အထက် နာတာရှည်အစာမကြေခြင်း ခံစားနေရသူများ။
(၂) ရောဂါဇစ်မြစ်ရှာမတွေ့ဘဲ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းသွားသူများ။
(၃) ရောဂါဇစ်မြစ်ရှာမတွေ့ဘဲ သွေးအားနည်းရောဂါ ခံစားနေရသူများ။
(၄) နာတာရှည်အစာအိမ်ရောဂါ ခံစားနေရသူများ။
(၅) အစာရေမျိုပြွန်၊ အစာအိမ်နှင့်အူမကြီးကင်ဆာ မျိုးရိုးရှိသူများ၊
(၆) အစာမျိုချရခက်သူများ နှင့် အစာမျိုချလျှင် နာကျင်ခြင်းခံစားနေရသူများ။
(၇) အစာအိမ်သွေးကြောပေါက်သူများ။
(၈) အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်းရှိသူများ။
(၉) အစာအိမ်အနာပေါက်နေသူများ။
(၁၀) အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုဆရာဝန်ကြီးမှ အစာအိမ်မှန်ပြောင်းကြည့်ရှုရန် အကြံပြုခံထားရသူများ။ အစာအိမ်ပိုးတွေ့ရှိပါက သေချာကုသခြင်းဖြင့် အစာအိမ်ရောင်ရမ်းခြင်းနှင့် အစာအိမ်ကင်ဆာ ရောဂါတို့ကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။
အူမကြီးလမ်းကြောင်းမှန်ပြောင်းကြည့်ရှုသင့်သူများ
(၁) ဝမ်းသွားရာတွင် သွေးပါသူများ။
(၂) ကာလကြာရှည်စွာ ဝမ်းလျှောနေသူများ။
(၃) ဝမ်းသွားခြင်းအလေ့အထပုံမှန်မဟုတ်ဘဲ ပြောင်းလဲလာသူများ။
(၄) ရောဂါဇစ်မြစ်ရှာမတွေ့ဘဲ ဝမ်းဗိုက်ဝေဒနာ ခံစားနေရသူများ။
(၅) ရောဂါဇစ်မြစ်ရှာမတွေ့ဘဲ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းသွားသူများ။
(၆) ရောဂါဇစ်မြစ်ရှာမတွေ့ဘဲ သွေးအားနည်းရောဂါ ခံစားနေရသူများ။
(၇) အူမကြီးကင်ဆာ မျိုးရိုးရှိသူများ၊
(၈) အစာအိမ်နှင့် အူလမ်းကြောင်းအထူးကု ဆရာဝန်ကြီးမှ အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုရန် အကြံပြုခံထားရသူများ နိုင်ငံတကာတွင် အူမကြီးကင်ဆာရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်သည့် အနေနှင့် အသက်(၅၀) ကျော်လျှင် (၁)နှစ်တစ်ခါ Screening Program အနေဖြင့် စစ်ဆေးပါသည်။ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်းဖြင့် အသားပိုများတွေ့ရှိပါက မနာကျင်ရဘဲချက်ချင်း ဖြတ်တောက်ကုသမှု ခံယူပါက အူမကြီးကင်ဆာ ဖြစ်နိုင်ချေကို လျော့နည်းစေပါသည်။
Gastro-colonoscopy မကြည့်ရှုမီ လိုက်နာရန်အချက်များ
မှန်ပြောင်းကြည့်ရှုနေစဉ်တွင် ရှင်းလင်းသောမြင်ကွင်းရရှိနိုင်ရန်အတွက် ကြည့်ရှုသည့်လမ်းကြောင်းတစ်လျောက် အစားအစာများ၊ အညစ်အကြေးများ ရှင်းလင်းနေရန် လိုအပ်ပါသည်။ အကယ်၍ ကောင်းမွန်စွာ သန့်ရှင်းထားခြင်းမရှိပါက မှန်ပြောင်းကြည့်ရှုသည့် လမ်းကြောင်းတစ်လျှောက် မြင်ကွင်းရှင်းလင်းပြတ်သားမှုမရှိဘဲ မလိုအပ်ဘဲ အချိန်ကြာမြင့်ခြင်း အလုံးအကြိတ်များအားရှင်းလင်းသဲကွဲစွာ မမြင်နိုင်သောကြောင့် ရောဂါရှာဖွေတွေ့ရှိရန် အနှောင့်အယှက်ဖြစ်ခြင်းစသည်တို့ ကြုံတွေ့နိုင်ပါသည်။ သို့ပါ၍ အောက်ပါအချက်များကိုု တိကျစွာလိုက်နာရန် လိုအပ်ပါသည်။
(၁) အစာအိမ် (သို့) အူမကြီမှန်ပြောင်း မကြည့်ရှုမီ အနည်းဆုံး(၆)နာရီအတွင်း အစားအစာနှင့် ရေလုံးဝမစားရပါ။ ရေငတ်ပါက ရေအနည်းငယ်သောက်သုံးနိုင်ပါသည်။
(၂) အူမကြီးမှန်ပြောင်းကြည့်ရှုသူများအနေဖြင့် အနည်းဆုံးတစ်ရက်ကြိုတင်၍ အူမကြီးလမ်းကြောင်းသန့်ရှင်းစေရန် ဝမ်းနှုတ်ရပါမည်။ ဝမ်းနှုတ်ခြင်းကို ဆရာဝန်၏ညွှန်ကြားချက်အရ တသွေမတိမ်းလိုက်နာ ဆောင်ရွက်ရပါမည်။
(၃) နေ့စဉ်သောက်သုံးနေကျ ဆေးဝါးများအား ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆက်လက်သောက်သုံးနိုင်ပါသည်။
(၄) ရောဂါအခြေအနေအရ သွေးကျဲဆေးသောက်သုံးနေပါက ဆရာဝန်အားပြောကြားရပါမည်။ ဆရာဝန်မှရောဂါအခြေအနေလိုအပ်ပါက ဆေးသောက်သုံးခြင်းအားခေတ္တရပ်နားရန် ညွှန်ကြားမည်ဖြစ်ပါသည်။
အူမကြီးလမ်းကြောင်းမှန်ပြောင်းကြည့်ရှုသူများအတွက် ဝမ်းနှုတ်ခြင်း
ဝမ်းနှုတ်ခြင်းအား ဆရာဝန်ညွှန်ကြားချက်နှင့် အညီ မှန်ပြောင်းမကြည့်မီ ၁ ရက် သို့ ၂ ရက် ကြိုတင်၍ လုပ်ဆောင်ရပါမည်။
မှန်ပြောင်းကြည့်ရှုခြင်းအတွက် ပြင်ဆင်ခြင်း
(၁) မှန်ပြောင်းကြည့်ရှုသူများသည် မှန်ပြောင်းကြည့်ရှုမည့်နေ့တွင် အနည်းဆုံး နာရီဝက် (သို့) တစ်နာရီကြိုတင် လာရောက်ရပါမည်။
(၂) ပုံမှန်သောက်သုံးနေသည့် ဆေးဝါးများကို မိမိနှင့် တစ်ပါတည်း သယ်ယူလာရပါမည်။
(၃) Preparation အခန်းတွင် လိုအပ်သည်များကို ပြင်ဆင်၍ ဆေးရုံအဝတ်အစားလဲပေးပါမည်။
မှန်ပြောင်းကြည့်မည့် လူနာများ သိရှိလိုက်နာရန် အချက်များ
မှန်ပြောင်းကြည့်ရှုခြင်းသည် အသားစယူခြင်း မယူခြင်း (သို့) အစာအိမ်နှင့်အူမကြီးလမ်းကြောင်း ဖွဲ့စည်းပုံ ခြားနားခြင်းအပေါ်မူတည်၍ စစ်ဆေးမှုတစ်ခုလုံးသည် စုစုပေါင်း (၁၅) မိနစ် မှ (၁)နာရီအထိ ကြာမြင့်နိုင်ပါသည်။
(၁) အစာအိမ်မှန်ပြောင်း ကြည့်ပြီးနောက် မှန်ပြောင်းပိုက်ဝင်ရာ လမ်းကြောင်းတစ်လျှောက် ဥပမာ - လည်ပင်းတွင် အနည်းငယ်မအီမသာ ဖြစ်နိုင်ပါသည်။
(၂) အူမကြီးလမ်းကြောင်း မှန်ပြောင်းကြည့်ပြီး နောက်တွင် လေထိုးလေအောင့် သကဲ့သို့ မအီမသာ အနည်းငယ်ခံစားရနိုင်ပါသည်။
(၃) ဆေးရုံတွင် ခေတ္တအနားယူပြီး အိမ်သို့ပြန်နိုင်ပါသည်။
(၄) မှန်ပြောင်းကြည့်သည့်နေ့တွင် ကားမောင်းခြင်းမပြုသင့်ပါ။ အဖော်တစ်ဦးနှင့် အတူပြန်ရန်လည်း လိုအပ်ပါသည်။
(၅) မှန်ပြောင်းကြည့်ပြီးလျှင် အစားအသောက်ပုံမှန်ပြန်လည် စားသောက်နိုင်ပါသည်.
(၆) မှန်ပြောင်းကြည့်ရှုပြီး နောက်တစ်နေ့တွင် ပုံမှန်လုပ်နေကျ လုပ်ငန်းဆောင်တာများ ပြန်လည်လုပ်ဆောင်နိုင်ပြီ ဖြစ်ပါသည်။
(၇) မှန်ပြောင်းကြည့်ပြီးသည့်နောက် သောက်သုံးနေကျ ဆေးများအား ဆရာဝန်ညွှန်ကြားချက်အတိုင်း ပြန်လည်သောက်သုံးနို်င်ပါသည်။
(၈) မေ့ဆေး/အိပ်ဆေး အသုံးပြုထားသည့်အတွက် မှန်ပြောင်းကြည့်ရှုစစ်ဆေးမှုခံယူထားသည့် နေ့တွင် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်ရမည့် ကိစ္စများ မလုပ်သင့်ပါ။
(၉) အရေးပေါ်ကိစ္စများ၊ မရှင်းလင်းသည့်ကိစ္စများ၊ ထူးခြားသည့်လက္ခဏာများ ရှိပါက မှန်ပြောင်းကြည့်ဌာန တာဝန်ကျဆရာဝန်ကို ဆက်သွယ်နိုင်ပါသည်။
Centers & Clinics
Specialties
24 hour services