October 29, 2024

ပုံမှန်အားဖြင့် အသက် (၁၇)နှစ် မှ (၂၅)နှစ် ကြား လူငယ်အများစုတွင် အံဆုံးသွားပေါက်သည့် ဝေဒနာကို ခံစားရလေ့ရှိတယ်။

အချို့သူတွေမှာတော့ အသက် (၃၀ - ၄၀) ဝန်းကျင်ထိကို အံဆုံးသွားက ဒုက္ခပေးတတ်သေးသည်။

အရွယ်ရောက်၍ စဉ်းစားတွေးခေါ်နိုင်သော အချိန်တွင် ပေါက်သောကြောင့် 𝐖𝐢𝐬𝐝𝐨𝐦 𝐓𝐨𝐨𝐭𝐡 လို့လဲ တင်စားခေါ်ဝေါ်ကျပါတယ်။

လူကြီးအံသွားများထဲတွင် နောက်ဆုံးမှ ထွက်သော အံသွားဖြစ်၍ အံဆုံးသွားဟု ခေါ်ကျခြင်း ဖြစ်တယ်။

အံဆုံးသွားပေါက်သည့် လက္ခဏာများမှာ -

  • အံဆုံးသွား၏ အပေါ်ယံ သွားဖုံးသား ယောင်ရမ်းနာကျင်ခြင်း
  • မေးရိုးအတွင်း တိုးထွက်သော အရှိန်ကြောင့် မေးရိုးနာကျင် ကိုက်ခဲခြင်း
  • ပါးစပ် ဟရန်ပင် ခက်ခဲခြင်း
  • အာရုံကြော တစ်လျောက်ဖိမိပါက နားကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ ဝေဒနာများ ခံစားရနိုင်ပါတယ်။
  • ဘယ်လိုအံဆုံးသွားတွေက နှုတ်သင့်ပါသလဲ?
  • တုံးလုံးလဲနေသော အံဆုံးများ
  • စောင်း၍ ထွက်သော အံဆုံးများ
  • မေးရိုးအတွင်း မြုပ်နေသော အံဆုံးများ

အံဆုံးသွားသည် ပုံမှန်လားရာအတိုင်း တည့်တည့်ထွက်မလာပဲ စောင်း၍ ရှေ့သွားနှင့် ကန့်လန့် အနေအထားထွက်လာမည်ဆိုပါက သွားနှစ်ချောင်းကြားတွင် အစာညပ်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ရန် ခက်ခဲခြင်းတို့ကြောင့် သွားပိုးစားခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။

အချို့သောသူများတွင် အံဆုံးထွက်မလာသေးပါက မေးရိုးအတွင်း မြုပ် နေတာလဲဖြစ်နိုင်ပါတယ်။

မြုပ်နေသောအံဆုံးမှ အရည်အိတ်ဖြစ်လာနိုင်တယ်။

ထိုအရည်အိတ်ကြောင့် မေးရိုးကို တဖြည်းဖြည်း ပျက်စီးစေပြီး မေးရိုးပါးလာခြင်းနှင့်အတူ အနီးအနားမှ သွားအမြစ်များကို ထိခိုက်၍ သွားများလှုပ်ခြင်း၊ မေးရိုးကျိုးခြင်းများအထိ ဖြစ်စေနိုင်ပါတယ်။

အပေါ်ယံ သွားဖုံးသား အုပ်နေသော အံဆုံးသွားများတွင်မူ အံဆုံးနှင့် သွားဖုံးကြား အစာညပ်ရာမှ သွားဖုံးယောင်ယမ်းခြင်း၊ အပေါ်သွားနှင့် သွားဖုံးသားအား ဖိကိုက်မိခြင်း၊ ခံတွင်းသန့်ရှင်းရေး ပြုလုပ်ရန် ခက်ခဲခြင်းတို့ကြောင့် ဘက်တီရီးယားပိုးမွှားများ ဝင်ရောက်၍ ပြည်တည်ခြင်း၊ မျက်နှာ ယောင်ယမ်းခြင်းများအထိ

ဖြစ်သွားနိုင်ပါတယ်။

ဒါ့ကြောင့် အစာစားရန် ဝါးရန်၊ စကားသံပီသစေရန် နှင့် အလှအပ ကဏ္ဍတို့တွင် အသုံးမဝင်သည့်အတွက် အံဆုံးသွားများကို အပိုသွား အသုံးမလိုသည့် သွားဟု သွားနှင့် ခံတွင်းဆရာဝန်များက ဆိုကျပါတယ်။

အံဆုံးသွားသည် အိပ်နေသော ကျားကဲ့သို့ တချိန်ချိန်တွင် နာကျင်စွာ ဒုက္ခပေးနိုင်တာမို့လို့ စောစီးစွာ စစ်ဆေးသိရှိနိုင်စေရန် အကြံပြု ဖော်ပြပေးလိုက်ပါတယ်ရှင်…….