ဘယ် အသက်အရွယ်မှာ အစာဂျီးများခြင်း အများဆုံးဖြစ်တတ်သလဲ?
အသက်၁နှစ်ကျော်မှစပြီး လမ်းလျှောက်ခါစအရွယ်(၁နှစ်-၃နှစ်)နှင့် မူကြိုအရွယ် (၃နှစ်-၅နှစ်) ကလေးလေးတွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ် ။
အစာဂျီးများခြင်းက်ို ပိုဆိုးစေသောအချက်များက ဘာလဲ?
- ဆူပူကြိမ်းမောင်းခြင်း
- အတင်းအကျပ် ထမင်းကုန်အောင် စားစေခြင်း
- ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးရာတွင်လည်း ကျန်းမာရေးနှင့်မညီညွတ်သောမုန့်များ (ရေခဲမုန့်၊အချိုရည်၊ချောကလက်၊အချိုမုန့်များ၊ပီဇာ၊ကြက်ကြော်) အစရှိသည်တို့နှင့်ပြုလုပ်ပါက ထိုအစားအစာများကိုပဲ ပိုမိုစွဲလမ်းစေပြီး အစာဂျီးများခြင်းကိုသာ ပိုမိုဆိုးရွားစေနိုင်ပါသည်
- ထို့အပြင် ထမင်းစားချိန်မတိုင်ခင် သစ်သီးဖျော်ရည်၊နွားနို့၊အချိုရည် အစရှိသည့်အရည်သောက်သုံးထားသောကြောင့်ဗိုက်ဝနေပြီး ထမင်းစားချိန်တွင်ထမင်းကောင်းကောင်းမစားခြင်း၊စားရန်ဂျီကျခြင်းတို့ဖြစ်ပေါ်တတ်ပါသည်
ဒါ့ကြောင့်ထမင်းစားချိန်မတိုင်ခင် နို့၊အချိုရည်၊သစ်သီးဖျော်ရည်တိုက်ခြင်းကိုတတ်နိုင်သမျှရှောင်ကြဉ် သင့်ပါသည်။
အချို့ကလေးငယ်များတွင် အစားအသောက် ပြင်ဆင်မှုပုံစံပြောင်းလဲမှုကို မကြိုက်ပါက ထိုအစားအစာကို စားသုံးရန်ငြင်းဆန်သည့် ထူးခြားသော အမူအကျင့်လေးတွေ ရှိတတ်ကြသည်။
ဥပမာ- ပေါင်မုန့်ဘေးသားအပိုင်းကို မနှစ်သက်သောကလေးကို ပေါင်မုန့်ဘေးသားဖယ်ပြီး မကျွေးမိခြင်း၊
အသားညှပ်ပေါင်မုန့်ကို ပုံမှန်တြိဂံပုံစံကျွေးနေရာမှလေးထောင့်ပုံစံ ပြောင်းကျွေးမိခြင်း၊
ပုံမှန် ပန်းဂေါ်ဖီစိမ်းစားသော်လည်း ပန်းဂေါ်ဖီစိမ်းအရိုးပါသွားလျှင် မစားတော့ခြင်း အစရှိသည့် ပုံမှန်ချိန် နှစ်သက်စွာ စားသော်လည်း ရုတ်တရက် ထိုအစားအစာကိုစားရန် ငြင်းဆန်တတ်ကြပါသည်။
ထို့ကြောင့် တူညီသောအစားအစာ ဖြစ်ပေမဲ့ ကွဲပြားစွာတုံံ့ပြန်တတ်သော ကလေးငယ်များ၏ အမူအကျင့်ကိုဖေဖေ၊မေမေတို့ သတိပြုမိရန်လည်း လိုအပ်ပါသည်။
အစာဂျီးများခြင်းကြောင့်နောက်ဆက်တွဲဘာတွေဖြစ်နိုင်သလဲ?
အစာဂျီးများသည့်ကလေးငယ်အများစု စားရန်ငြင်းဆန်သည့်အစားအစာမှာ အသား၊ငါး၊ဟင်းသီးဟင်းရွက်တို့ဖြစ်ပါသည်။
ဟင်းသီးဟင်းရွက်အစားနည်းသည့် ကလေးတွေမှာ ၀မ်းချုပ်ခြင်းပြသနာအဓိကဖြစ်ပေါ်နိုင်ပါသည်။
အသား၊ငါးမစားသာကလေးများတွင် ဇင့်(zinc)နှင့် သံဓာတ်(iron)ချို့တဲ့မှုပြသနာများရေရှည်တွင်ဖြစ်လာနိုင်ပါသည်
အစာဂျီးများခြင်း လျော့နည်းပပျောက်အောင် ဘာတွေလုပ်လို့ရသလဲ?
- အတင်းအကျပ်အစာကုန်အောင်ကျွေးမည့်အစား အားပေးကူညီပါ။
- သင်ကိုယ်တိုင်စံပြအဖြစ်လမ်းပြ ပြုမူဆောင်ရွက်ပါ။ (မိဘကိုယ်တိုင်က ဟင်းသီးဟင်းရွက်အသီးအနှံ မစားပဲနေပါက မိမိကလေးတွင် ဟင်းသီးဟင်းရွက် မကြိုက်သည်မှာ မထူးဆန်းပါ။ မိမိကလေး အစားအစာတစ်ခု ကြိုက်ခြင်းမကြိုက်ခြင်းသည် မိဘ(သို့)ကလေးငယ်ကိုအနီးကပ်ပြုစုစောင့်ရှောက်သူများ၏ စားသောက်မှုပုံစံ ပေါ်တွင်လည်းများစွာ မူတည်နေသောကြောင့် မိမိကိုယ်တိုင်က ရှေ့ဆောင်လမ်းပြအဖြစ် စားသုံးပေးမှသာ ထိုအစားအစာကိုလက်ခံစားသုံး လာပေမည်)
- အစားအစာအသစ်တစ်ခုကို စတင်ကျွေးမွေးရာတွင် အလွယ်တကူ လက်မခံတတ်သည်မှာ ကလေးအများစု၏ ပုံမှန်စရိုက်လက္ခဏာ ဖြစ်သည်။
- အနည်းဆုံးအကြိမ် ၁၅-၂၀မှသာ ထိုအစားအစာကို စတင်လက်ခံတတ်သည်။
- မိသားစုထမင်းဝိုင်းတွင် ကလေးငယ်က်ိုပါ ၀င်စားသုံးစေပါ။ ကလေးငယ်အတွက်သီးသန့်ထမင်း၊ဟင်းမဖြစ်စေပဲ လူကြီးစားသုံးသော ပန်းကန်တွင်ပါသော အစားအစာများသည် ကလေးပန်းကန်တွင်ပါသောအစားအစာများနှင့် နီးနပ်စွာတူညီသင့်သည်။
- ထမင်းစားချိန်ကို ပျော်ရွှင်ဖွယ်ကောင်းသော ပတ်၀န်းကျင်အနေအထားဖြစ်အောင် (ဥပမာ-TV,Ipad ပြခြင်းဖြင့် မဟုတ်ပဲ ကလေးနှင့်စကားပြောပေးခြင်း၊ သီချင်းဆိုပြခြင်း၊ ပုံပြင်စာအုပ်ဖတ်ပြပေးခြင်း) တို့သည် ကလေးငယ်အတွက် ပျော်ရွှင်စရာကောင်းသော ထမင်းစားချိန်ဖြစ်စေသည်
- ဖေဖေမေမေတို့က ကလေးအစာစားချိန် ၊စားရမည့်နေရာ၊ ကျွေးမည့်အစားအစာတို့ကို ဆုံးဖြတ်ပြီး မိမိကလေးငယ်ကို အစာစားမည်၊မစားမည် ဆုံးဖြတ်ပိုင်ခွင့်နှင့် စားသုံးနိုင်သည့်ပမာဏကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ပေးထားခြင်းအားဖြင့် ကလေးငယ် အစာဂျီးများခြင်းကို မြန်မြန်အဆုံးသတ်စေနိုင်ပါသည်။
- အထက်ပါ အချက်အလက်များကို ဖေဖေ၊မေမေနှင့် ကလေးကို အနီးကပ်ပြုစုစောင့်ရှောက်သူ များမှ ဝိုင်း၀န်းလုပ်ဆောင်ပေးခြင်းဖြင့် ကလေးငယ်အများစုသည် အစာဂျီးများခြင်း တဖြည်းဖြည်းလျော့နည်းလာပြီး အစားအစာမျိုးစုံကို လက်ခံစားသုံးလာလေ့ရှိသည်
- သို့ရာတွင် အထက်ပါအချက်များကို လုပ်ဆာင်သော်လည်း အချိန်ကာလတစ်ခုအထိ မတိုးတက်လာပဲအစာဂျီးများခြင်း ပိုဆိုးလာခြင်း၊ ကိုယ်အလေးချိန်ကျလာခြင်း၊ ကိုယ်အလေးချိန် တက်သင့်သလောက် မတက်ခြင်း တို့သည် ကလေးရေရှည်တွင် အာဟာရဓာတ်ချို့တဲ့ခြင်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာတွင် ထိခိုက်နိုင်ခြင်းတို့ဖြစ်ပေါ်လာနိုင်သည့်အတွက် ၄င်းအခြေအနေများတွင် ကလေးအထူးကုဆရာ၀န်၊ အာဟာရဆရာ၀န်များနှင့် ဆွေးနွေးပြသသင့်ပါသည်ဒေါက်တာ မေဖူးဇွန်
Clinical Nutritionist (အာဟာရ ဆရာဝန်)
AFN Registered Associate Nutritionist
M.B.,B.S (YGN), M.Sc Human Nutrition with Clinical Nutrition Specialization (University of Glasgow, UK)
Specialties
24 hour services
Centers & Clinics