April 10, 2019

Pacemaker ဆိုတာဘာလဲ။

နှလုံးတွင် ပုံမှန်စည်းချက်ထိန်းသည့် Sinoatrial Node (SA node) ဟုခေါ်သော စနစ်ပါဝင်ပါသည်။ ယခု အကူစက်မှာမူ ထိုစနစ်နည်းတူ နှလုံးပုံမှန်ခုန်နိုင်စေရန် ပြုလုပ်ထားသော သေးငယ်သည့် စက်ကိရိယာ တစ်ခုဖြစ်သည်။ ဘတ်ထရီပါဝင်ပြီး ၀ါယာကြိုးနှင့် နှလုံးကိုချိတ်ဆက်ကာ လျှပ်စီးကြောင်းများ ထုတ်လွှတ် ပေးသည်။ ထိုစက်ကို သင့်ရင်ဘတ်ရှိ အရေပြားအောက်တွင် တပ်ဆင်ရပါသည်။

Pacemaker တပ်ရန် ဘာလို့လိုအပ်ပါသလဲ။

နှလုံးခုန်နှုန်း အလွန်အမင်းနှေးလျှင်ဖြစ်စေ၊ နှလုံးခုန်မြန်လွန်းသောရောဂါရှိသူများ ဆေးသောက်ရာမှ နှလုံးခုန်နှေးသွားလျှင်ဖြစ်စေ၊ နှလုံးခုန်မမှန်သောရောဂါလက္ခဏာများဖြစ်သည့် ခေါင်းမူးခြင်း၊ မူးလဲခြင်း၊ ရင်တုန်ခြင်း နှင့် ECG တွင်နှလုံးခုန်မမှန်ခြင်းများတွေ့ပါက စက်တပ်ရန် လိုအပ်ပါသည်။

Pacemaker အမျိုးအစား ဘယ်နှစ်မျိုး ရှိပါသလဲ။

Pacemaker အမျိုးအစားများကို တပ်ဆင်ချိန်ပေါ်မူတည်၍ ယာယီစက် (သို့မဟုတ်) အမြဲတမ်းစက်ဟူ၍ လည်းကောင်း ၊ ၀ါယာကြိုးထည့်သော နှလုံးအခန်းပေါ်မူတည်၍လည်းကောင်း များစွာခွဲခြားထားပါသည်။ သင်နှင့် သင့်တော်သော အမျိုးအစားကို ဆရာဝန်ကရွေးချယ်ပြီး တပ်ဆင််ရန်အကြံပြုပါမည်။

Pacemaker စက်ကို မည်သို့တပ်ဆင်သနည်း။

Pacemaker စက်တပ်ခြင်းကို နှလုံးသွေးကြောချဲ့ဌာနတွင် ပြုလုပ်သည်။ သင့်အား နာကျင်မှု မရှိစေရန် ထုံဆေးပေးမည်ဖြစ်ပြီး အိပ်ပျော်နေစေရန် အိပ်ဆေးထိုးပေးမည်ဖြစ်သည်။ စက်ထည့််ရန်အတွက် သင်၏ ဘယ်ဘက် ညှပ်ရိုးအောက်ဘက်ရှိ အရေပြားအောက်တွင် သင့်တော်သော နေရာတစ်ခုကို ပြုလုပ်မည် ဖြစ်သည်။ ထို့နောက် လည်ပင်းရှိသွေးကြောမှတစ်ဆင့် နှလုံးသို့ wire ထည့်မည်ဖြစ်ပြီး X-ray ဖြင့် monitor လုပ်နေမည်ဖြစ်သည်။ ထို wire နှင့် နှလုံးစက်အား ချိတ်ဆက်ပြီးလျှင် စက်၏လုပ်ဆောင်ချက်အား စစ်ဆေး မည်ဖြစ်သည်။ ပြီးလျှင် စက်ထည့်ထားသောနေရာရှိ အရေပြားကို ပြန်ချုပ်ပေးမည်ဖြစ်ပြီး အနာကို သန့်ရှင်း စွာအုပ်ထားပေးပါမည်။ စက်တပ်ချိန်စုစုပေါင်းသည် တစ်နာရီ ဝန်းကျင်ခန့် ကြာမြင့်မည်ဖြစ်သည်။

စက်တပ်ခြင်း၏ ဆက်စပ် ဆိုးကျိုးများရှိပါသလား။

ကုသမှုတိုင်းတွင် ဆိုးကျိုးရှိသကဲ့သို့ စက်တပ်ခြင်းတွင်လည်း ၄င်းနှင့်ဆက်စပ်သော ပြဿနာများရှိနိုင်ပါ သည်။ ဖြစ်နိုင်ခြေနည်းသော်လည်း ရောဂါပိုးဝင်နိုင်ခြင်း၊ အဆုတ်ကိုထိခိုက်မိ၍ အဆုတ်လေဝင်ခြင်း၊ အနာ တွင် သွေးခဲနိုင်ခြင်း နှင့် Electrode lead နေရာရွေ့သွားခြင်း၊ နေရာမှားခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။ ထုံ ဆေး၊ စိတ်ငြိမ်ဆေးတို့နှင့် ပက်သက်သော ဆိုးကျိုးများကို သက်ဆိုင်ရာဆရာဝန်က ကုသမှုမခံယူမီ သင် နှင့်ဆွေးနွေးပါမည်။ စက်တပ်ခြင်းကြောင့်ရနိုင်သော ဆိုးကျိုးများသည် အလွန်ရှားပါးပါသည်။ သင့်ရောဂါ အခြေအနေနှင့် နှိုင်းယှဉ်သော် စက်မတပ်ခြင်းကြောင့် ရနိုင်သည့် ဆိုးကျိုးများက ပို၍ပင်များပြားပြီး အသက် အန္တရာယ်ရှိနိုင်ပါသည်။

စက်တပ်ပြီးလျှင် ဘာတွေကို သတိထားရမလဲ။

စက်တပ်ပြီးလျှင် သတိထားရမည့် အချက်များမှာ
၁။ သင့်နှလုံး၏ အခြေအနေကို စောင့်ကြည့်ရန်အတွက် ဆေးရုံတွင် တစ်ရက်ခန့် နေရမည်ဖြစ်သည်။
၂။ နှလုံးစက်နှင့် ချိတ်ဆက်ထားသော electrode lead ၏ နေရာမှန်မမှန် သိရှိရန် ဓါတ်မှန်ရိုက်ရမည်။
၃။ စက်တပ်ပြီးလျှင် လက်မောင်းနှင့် ပုခုံးကို ညင်သာစွာ လှုပ်ရှားမှုပြုလုပ်သင့်သည်။
လေးသောပစ္စည်းများ မခြင်း မပြုရ။
၄။ စက်တပ်ပြီး (၃) ရက်ကြာမှသာ ရေချိုးရမည်ဖြစ်သည်။
၅။ စက်တပ်ထားသောဘက်ရှိ လက်မောင်းအား ပုခုံးအမြင့်၏အောက်ဘက်သို့ ချထားရန်လိုအပ်သည်။
စက်အားပထမဆုံးအကြိမ် စစ်ဆေးသည့် အချိန်တွင် electrode lead မရွေ့ကြောင်းသေချာမှသာ ပုံမှန်လှုပ်ရှားနိုင်သည်။ ၆။ ဘက်ထရီသက်တမ်းသည် (၆)နှစ်မှ (၇)နှစ်အတွင်း ကြာမြင့်သည်။
၇။ စက်တပ်ပြီး (၆) လအတွင်း ကားမောင်းရန်မသင့်ပါ။

မိုဘိုင်းဖုန်းနှင့် အခြားသောစက်များသည် နှလုံးနှိုးစက်အားထိခိုက်စေနိုင်ပါသလား။

သံလိုက်ဓါတ်ထွက်သော စက်ကိရိယာများသည် နှလုံးစက်၏လုပ်ငန်းဆောင်တာများကို အနှောင့် အယှက်ဖြစ်စေပါသည်။ မိုဘိုင်းဖုန်းသည် နှလုံးနှိုးစက်အား အန္တရာယ်မပေးပါ။သို့သော် ဖုန်းပြောစဉ်နှလုံး စက်နှင့် ဝေးနိုင်သမျှ ဝေးဝေးကိုင်၍ ပြောသင့်သည်။ လေယာဉ်ကွင်းနှင့် စျေးဝယ်စင်တာများရှိ လုံခြုံရေး စက်ကိရိယာများသည် နှလုံးစက်အား အနှောင့်အယှက်ဖြစ်စေနိုင်သည်။ သို့သော် ထိုလုံခြုံရေးစစ်ဆေး သည့်နေရာများအား ဖြတ်သန်းပါက သက်ဆိုင်ရာ တာဝန်ရှိသူများအားအသိပေးပြီး မြန်ဆန်စွာဖြတ်သန်း ပါက အန္တရာယ်မရှိပါ။ MRI စက်များသည် အားအလွန်ကောင်းသော သံလိုက်ဓါတ်များ အသုံးပြုခြင်းကြောင့် နှလုံးစက်တပ်ထားပါက MRIမရိုက်သင့်ပါ။ (MRIရိုက်၍ရနိုင်သော နှလုံးစက်များမှလွဲ၍) အခြားသောဓါတ် မှန်များ၊ ပုံရိပ်ဖေါ်ခြင်းများကိုမူ ပြုလုပ်နိုင်ပါသည်။ ကျောက်ခြေသည့်စက်သည်လည်း နှလုံးစက်တပ်ထား သော သူများအတွက် အန္တရာယ်ရှိနိုင်သည့်အတွက် ပြင်ပမှ ကျောက်ခြေခြင်းကို မပြုလုပ်သင့်ပါ။