April 23, 2022

အစာအိမ်မှန်ပြောင်း ကြည့်ခြင်း ဆိုတာ ဘာလဲ ။

  • အစာအိမ် နှင့် အူလမ်းကြောင်း မှန်ပြောင်း ကြည့်ရှုခြင်း ဆိုသည်မှာ နောက်ဆုံးပေါ်နည်းပညာ တခု ဖြစ်သည့် မှန်ပြောင်းကြည့်ရှုစက်ကို အသုံးပြုကာ သေးငယ်သည့် ကင်မရာပါဝင်သော ပိုက် မှ တစ်ဆင့် မိမိ စစ်ဆေးလိုသော အစာအိမ် နှင့် အူမကြီး လမ်းကြောင်းတစ်လျှောက် ကို ဗီဒီယို ကင်မရာမှ တစ်ဆင့် ရောဂါ ရှာဖွေ စစ်ဆေးခြင်း ဖြစ်ပါသည်။

ဘာ့ကြောင့် အစာအိမ်မှန်ပြောင်းကြည့်ဖို့ အရေးကြီးတာလဲ ။

စာရေးသူအပါအဝင်၊ လူအများသည် အစာအိမ် နှင့် အူလမ်းကြောင်းမှန်ပြောင်း ကြည့်ရှုရမည်ဆိုလျှင် တွန့်ဆုတ်တတ်ကြပါသည်၊ကြောက်ရွံ့တတ်ကြပါသည်။ ကြည့်ရှုစဥ် မိနစ်အနည်းငယ်အတွင်း သက်တောင့်သက်တာမရှိဘဲ နေရထိုင်ရခက်တာ မှန်ပေမယ့် ကြည့်လိုက်ခြင်းဖြင့် နောက်ဆက်တွဲ အကျိုးကျေးဇူး များစွာ ရရှိအုန်းမည်ဆိုတာ သတိချပ်မိစေလိုပါသည်။

  • မိမိသည် ကြောက်၍ တွန့်ဆုတ်နေသဖြင့် မကြည့်လျှင် ရောဂါဇစ်မြစ်ကိုရှာမတွေ့၊ ရှာမတွေ့တော့ ထိရောက်တဲ့ ကုသမှုမျိုးမရနိုင်၊ မရနိုင်တော့ ရောဂါအခြေအနေပိုဆိုး၊ အချိန်လွန်မှ ကုသရသည့်အတွက် ရောဂါထိန်းရခက် စသဖြင့် နောက်ဆက်တွဲ ဝေဒနာများမှာ များလွန်းပါသည်။
  • ယခုခေတ်တွင် လူနာ၏ သဘောဆန္ဒ အတိုင်း နာကျင်မှုမရှိဘဲ သက်တောင့်သက်တာ ရှိအောင် မေ့ဆေးဆရာဝန်ကြီးများ၏ စောင့်ရှောက်မှုဖြင့် သင့်တော်သော မေ့ဆေး၊ အိပ်ဆေးများ အသုံးပြုပြီးလည်း ကြည့်ရှုလို့ရနေပါပြီ။

အစာအိမ်မှန်ပြောင်းကြည့်ခြင်းဖြင့် ဘာအကျိုးကျေးဇူးတွေ ရမလဲ?

အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်းဖြင့်

  • အစာအိမ်ရောင်နေလား? အစာအိမ်မှာ အနာဖြစ်နေသလား?
  • အစာအိမ်သွေးကြောပေါက်နေသလား ?
  • ကင်ဆာလိုမျိုးအလုံးအကျိတ်များ ရှိနေသလား?
  • အစာအိမ် နှင့် အူလမ်းကြောင်းတစ်လျှောက် မည်သည့်နေရာတွင် သွေးယိုစိမ့်မှု များ ရှိနေသလဲ ? ဆိုတာကို တိကျစွာအဖြေရှာဖွေ တွေ့ရှိနိုင်သောကြောင့် သင့်တော်သည့်ဆေးဝါးများဖြင့် ကုသနိုင်ခြင်း။
  • ထို့အပြင် မှန်ပြောင်းကြည့်ရှုနေစဥ် အတွင်း မလိုအပ်သော အသားပိုများတွေ့ရှိပါက ဖြတ်ထုတ်ခြင်း၊ အလုံးအကြိတ်များတွေ့ပါက အသားစယူစစ်ဆေးနိုင်ခြင်း၊ အစာအိမ်ရောဂါပိုး (H-pylori) ရှိမရှိ စစ်ဆေးနိုင်ခြင်း၊ အစာအိမ် နှင့် အူလမ်းကြောင်းတစ်လျှောက် သွေးကြောပေါက်၊သွေးယိုစိမ့် နေသည့်နေရာများကို တစ်ခါတည်း ပိတ်နိုင်ခြင်းအစရှိသည့် တိကျသော ရောဂါဇစ်မြစ်ကို ရှာဖွေ သိရှိနိုင်သည့်အပြင် လိုအပ်သော ကုသမှုများကိုပါ တစ်ခါတည်း လုပ်ဆောင်နိုင်သော‌ ကြောင့် ရောဂါကုသသည့် ဆရာဝန်ကြီးများ အနေနှင့်ရော ကုသမှုခံယူသည့် လူနာအနေနှင့်ပါ နှစ်ဦး နှစ်ဖက် အကျိုးရှိစေမည့် စစ်ဆေးကုသခြင်း နည်း ဖြစ်ပါသည်။

ဘယ်လိုလူတွေ အစာအိမ်မှန်ပြောင်းကြည့်သင့်သလဲ ။

  • ကာလရှည်ကြာ ဝမ်းဗိုက်ခဏခဏ နာတတ်သူများ၊ အစာမကြေဖြစ်တတ် သူများ
  • ရောဂါဇစ်မြစ် ရှာမတွေ့ဘဲ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းနေသူများ၊ သွေးအားနည်းရောဂါ ခံစားနေရသူများ၊ ခဏခဏ အန်နေသော သူများ
  • အန်လိုက်တဲ့ အချိန်‌ ကော်ဖီရောင်လို ညိုညိုမည်းမည်းအရည်များ ပါလာသူများ
  • အစာမျိုချရခက်ခြင်း၊ အစာမျိုချလျှင် နာကျင်သူများ
  • အစာရေမျိုပြွန်၊ အစာအိမ်ကင်ဆာမျိုးရိုးရှိသူများ
  • ဝမ်းသွားခြင်းအလေ့အထ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေသူများ
  • ကာလရှည်ကြာ ဝမ်းလျှောနေသူများ
  • အူမကြီးကင်ဆာ မျိုးရိုးရှိသူများ
  • စသည့် အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါဝေဒနာများ ခံစားနေရတယ်ဆိုလျှင် တွန့်ဆုတ်မနေဘဲနဲ့ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာအထူးကုသမားတော်ကြီး နှင့် သွားရောက်ပြသ ဆွေးနွေးသင့်ပါသည်။
  • ဆရာဝန်ကြီးမှ ရောဂါအခြေအနေ ပေါ်မူတည်ပြီး ကြည့်ရှုဖို့ သင့်တော်မသင့်တော် ဆုံးဖြတ်ပြီး အကယ်၍ ကြည့်ရှုဖို့သင့်တော်သည်ဟု အကြံပြုလျှင် မိမိဝေဒနာ အမြန်ဆုံးသက်သာပျောက်ကင်းရန်အတွက် လုပ်ဆောင်သင့်သည်များကို တွန့်ဆုတ်မနေဘဲ လုပ်ဆောင်နိုင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။