နှလုံးအပေါ်အခန်းတုန်ခြင်း/နှလုံးခုန်နှုန်းစီးချက်ပုံမမှန်ခြင်း (Atrial Fribrillation) နှင့် လေဖြတ်ခြင်းအကြောင်းသိကောင်းစရာ
နှလုံးအပေါ်အခန်းတုန်ခြင်း (Atrial Fribrillation) ဆိုသည်မှာ နှလုံးခုန်နှုန်းစီးချက်ပုံမမှန်ခြင်းဖြစ်ပါသည်။ ဤကဲ့သို့ နှလုံးပုံမှန်အလုပ်မလုပ်နိုင်ခြင်းသည် သွေးကြောပိတ်လေဖြတ်နိုင်သော အကြောင်းရင်းတစ်ရပ်ဖြစ်ပြီး အသက်ပေါ်မူတည်၍ ဖြစ်နိုင်ခြေပိုများနိုင်ပါသည်။ သင့်မှာ နှလုံးခုန်ပုံမမှန် လက္ခဏာများခံစားရပါက ဆရာဝန်နှင့်စမ်းသပ်စစ်ဆေးမှုခံယူရန် တိုင်ပင်သင့်ပါသည်။ စောစောသိရပြီးကုသမှု အမြန်ဆုံးခံယူပါက နောင်တွင်ဖြစ်လာနိုင်မည့်လေဖြတ်အန ္တာရယ်ကို ကာကွယ်နိုင်မည်ဖြစ်သည်။
သင်၏နှလုံးမှာ ကြွက်သားတစ်ခုဖြစ်ပြီး ခန္ဓာကိုယ် အတွင်းသွေးလည်ပတ်စေရန် နှလုံးမှညှစ်ပေးရပါသည်။ နှလုံးမှသွေးညှစ်ပေးလိုက်သောအရှိန်ကြောင့် သွေးခုန်နှုန်းဟူ၍ဖြစ်လာသည်။ လူတစ်ယောက်၏ နှလုံးခုန်နှုန်းသည် နားနေသောအခါ တစ်မိနစ်တွင် အကြိမ် ၆၀ နှင့် ၁၀၀ ကြားရှိပြီး သင့်နှလုံးတွင် ခုန်နှုန်းစီးချက်ပုံမမှန်ခြင်းရှိပါက တစ်မိနစ်လျှင် အကြိမ် ၁၄၀ ထိ ပုံမမှန်ခုန်နိုင်ပါသည်။
နှလုံးခုန်နှုန်းပုံမမှန်ပါက နှလုံးသည်သွေးကိုကောင်းမွန်စွာ မညှစ်နိုင်တော့ပါ။ ထိုအခါ နှလုံးထဲတွင် သွေးစီးဆင်းမှုနှေးပြီး သွေးခဲများဖြစ်ပေါ်လာနိုင်ပါသည်။ ၎င်းသွေးခဲများသည် သွေးကြောတစ်လျှောက်စီးဆင်းပြီး ဦးနှောက်သွေးကြောများအတွင်းရောက်ရှိပါက သွေးကြောပိတ်နိုင်ပါသည်။ ထိုအခါဦးနှောက်တွင် လုံလောက်သောသွေးမရရှိခြင်းကြောင့် လေဖြန်းလေဖြတ်ခြင်းများ ဖြစ်လာနိုင်ပါသည်။
နှလုံးခုန်နှုန်းစီးချက်ပုံမမှန်ခြင်းသည် လေဖြတ်ခြင်းကို ၅ဆပိုမိုဖြစ်စေပါသည်။
အောက်ပါအချက်များသည် သင့်တွင်နှလုံးခုန်နှုန်းစီးချက်ပုံမမှန် ဖြစ်နေသည်ကိုပြနေသော လက္ခဏာများဖြစ်သည်။
- ရင်တုန်ခြင်း / နှလုံးခုန်နှုန်းမြန်ခြင်း
- အသက်ရှုမဝဖြစ်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- မောပန်းနွမ်းလျခြင်း
- တစ်မိနစ်အတွင်း သွေးခုန်နှုန်းပုံမှန်မဟုတ်ခြင်း
နှလုံးခုန်နှုန်းစီးချက်ပုံမမှန်ခြင်းရှိပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေး စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်သော ကုသမှုများ ခံယူသင့်ပါသည်။ ကုသမှုအမျိုးမျိုးရှိသည့်အနက် သွေးကျဲဆေးသည် ခန္ဓာကိုယ်ရှိသွေးကြောများအတွင်း သွေးမခဲစေရန် ကာကွယ်ပေးပါသည်။
သွေးကျဲဆေးသည် သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သော လေဖြတ်ခြင်းကို ၆၀% အထိလျှော့ချနိုင်ပါသည်။
သွေးကျဲဆေးသောက်သုံးနေသူများတွင် ခန္ဓာကိုယ်အတွင်းရှိ သွေးပိုကျဲစေပြီး သွေးတိတ်ရန်ကြာတတ်ပါသည်။
ဖြစ်နိုင်သောဆိုးကျိုးများမှာ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း၊ အလွယ်တကူထိခိုက်ညိုမဲနိုင်ခြင်းတို့ဖြစ်နိုင်ပါသည်။
ထိခိုက်ဒဏ်မရရှိအောင် အကာအကွယ်လက်အိတ်များ ဝတ်ဆင်ခြင်း၊ နူးညံ့သောသွားပိတ်တံ သုံးစွဲခြင်း၊ သွားဆေးခန်း (သို့) ဆေးရုံဆေးခန်းတွင် ကုသမှုခံယူစရာရှိပါက သွေးကျဲဆေး သောက်သုံးနေကြောင်းကို ကြိုတင်အသိပေးထားခြင်းတို့ဖြင့် ဆိုးကျိုးများကို ကာကွယ်နိုင်ပါသည်။
လေဖြတ်လေဖြန်း အန္တရာယ်ကိုလျှော့ချနိုင်ဖို့ အောက်ပါအချက်များကို လိုက်နာသင့်ပါသည်။
- ဆေးလိပ် မသောက်ရန်။
- အရက်ကို အလွန်အကြူးမသောက်သုံးရန်။
- သင့်တင့်မျှတသော အစားသောက်စားရန်။
- ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ရန်။
- ဆရာဝန်နှင့် ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ရန်။
- သွေးတိုး၊ ဆီးချိုနှင့် သွေးတွင်းအဆီဓာတ်များခြင်း
တို့အတွက် ကုသမှုသေချာခံယူရန်။
လူမှုဘဝနေထိုင်မှုအား များစွာထိခိုက်နိုင်သော လေဖြန်းလေဖြတ်ခြင်းကို မဖြစ်ခင်ကြိုတင်ကာကွယ်ကြပါစို့
Specialties
24 hour services
Centers & Clinics