January 22, 2021

ဝမ်းချုပ်ခြင်းဝေဒနာ (Constipation)

Stay at Home ကာလအတွင်း ကျန်းမာရေး ဗဟုသုတရစေရန်အတွက် လူတိုင်း မကြာခဏ ကြုံတွေ့ရလေ့ရှိသည့် ဝမ်းချုပ်ခြင်း ဝေဒနာအကြောင်းနှင့် ပတ်သတ်၍ အစာအိမ်အူလမ်းကြောင်း အထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်တာ သိန်းမြင့်မှ ပြည့်စုံစွာ ရှင်းလင်းထားသည်ကို တင်ဆက်ပေးလိုက်ပါသည်။

ရောဂါ ဖြစ်ရခြင်း၏ အကြောင်းအရင်းများ

၁။ အဓိက အကြောင်းအရင်း

(က) ဆေးဝါးများ --- အလူမီနီယံပါသော အစာအိမ်ဆေး၊ကိုဒင်းပါသော အကိုက်အခဲပျောက်ဆေး၊ သံဓာတ်ပါသောဆေး၊စိတ်ကျရောဂါ ကုသဆေး (ဥပမာ- Tripta) သွေးတိုးကျဆေး(ဥပမာ- Calcium Channel Blocker မူးယစ်ဆေးဝါး Morphine)

(ခ) ကိုယ်တွင်းရောဂါများ----ဆီးချိုရောဂါ၊ကျောက်ကပ် အားနည်းသော ရောဂါ၊ပိုတတ်ဆီယမ် ဓာတ်နည်းခြင်း၊ ကယ်လဆီယမ် ဓာတ်များခြင်း၊သိုင်းရွိုက်ဂလင်း အားနည်းရောဂါ၊ကိုယ်ဝန်ရှိခြင်း၊

(ဂ)အခြားအကြောင်းများ ----- အစာစားသောက်မှု လွဲမှားခြင်း၊အသီးအနှံ၊ အသီးအရွက် အမျှင်ဓာတ်များ မစားခြင်း၊ဝမ်းသွား အကျင့်မမှန်ခြင်း၊အသက်ကြီးသူများ၊ ကာလကြာရှည်စွာ အိပ်ရာထဲ လဲနေသူများ၊ အချိန်ကြာမြင့်စွာ ကား - ရထားစီးသူများ။

၂။ အူလမ်းကြောင်း ပိတ်ဆို့ပြီး ဝမ်းချုပ်ခြင်း

အူမကြီးကင်ဆာ၊အူကျွံခြင်း၊ အူခေါက်ခြင်း၊စအိုဝကျဉ်းခြင်း၊နာတာရှည် အူမကြီး ရောင်ခြင်း၊ အူမကြီးသို့ သွေးလှည့်ပတ်မှု နည်းခြင်း။

၃။အူလမ်းကြောင်း မပိတ်ဆို့ဘဲ ဝမ်းချုပ်ခြင်း အူလမ်းကြောင်းလှုပ်ရှားမှု ပုံမမှန်ခြင်း၊ အူမကြီး ပုံမှန်ထက် အဆမတန်ကျယ်ခြင်း၊ စအိုကျွံခြင်း၊ ဝမ်းညှစ် ကြွက်သား အားနည်းခြင်း၊ စိတ်ကျရောဂါ၊ ဝမ်းကို ပုံမှန် မသွားဘဲ ချုပ်တီးထားခြင်း။

စမ်းသပ်စစ်ဆေးမှုများ

  • ပုံမှန်စစ်ဆေးစမ်းသပ်မှုများ ဝမ်းသွားလမ်းကြောင်း စစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်း၊ ယူရီးယားနှင့်ဓါတ်ဆားများ စစ်ဆေးခြင်း၊
  • အခြားစမ်းသပ်မှုများ အူလမ်းကြောင်းဆေးသွင်း ဓာတ်မှန်ရိုက်ခြင်း အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း စအို၀ အသားစယူ၍ စစ်ဆေးခြင်း အူလမ်းကြောင်း ဖြတ်သန်းချိန်တိုင်းတာခြင်း ပူဖောင်းဖြင့် လေသွင်းစစ်ဆေးခြင်း အူလမ်းကြောင်း ကြွက်သားစစ်ဆေးခြင်း

အောက်ပါလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ပြသရမည်။

  • ကိုယ်အလေးချိန် သိသိသာသာကျသွားခြင်း၊
  • ဝမ်းသွား၍ သွေးပါခြင်း၊
  • ဝမ်းသွား အားမရခြင်း၊
  • ဝမ်းကျန်ခြင်း၊
  • ဗိုက်ဖောင်းလာခြင်း၊
  • ဝမ်းသွားလိုက်၊ ချုပ်လိုက်ဖြစ်ခြင်း၊
  • ဗိုက်တွင် အလုံးပေါ်လာခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • သာမန်ထက်ပို၍ မောပန်းလာခြင်း
  • သွေးအားနည်းခြင်း
  • ဗိုက်နာခြင်း၊
  • မိမိဆွေမျိုးများတွင် အူမကြီးကင်ဆာ ဖြစ်သူများ ရှိခြင်း
ကုသနည်းများ
၁။ အထွေထွေ ကုသနည်းများ

ဝမ်းချုပ်ခြင်းကို ဖြစ်စေသော အခြားရောဂါများကို ဦးစွာကုသရပါမည်။ ဝမ်းချုပ်စေသော ဆေးများ ဝမ်းနှုတ်ဆေး အပြင်းစားများကို ရပ်ထားပါ။ အမျှင်ဓာတ်များများပါသော သီးနှံနှင့် ဟင်းသီးဟင်းရွက် များများစားပါ။ ရေ၊ ဖျော်ရည်နှင့် အချိုရည်များများ သောက်ပါ။ တစ်နေ့လျှင် ရေသန့်ဘူး သုံးဘူးခန့် သောက်ပါ။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ ကွမ်းရှောင်ပါ။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ။ အမျှင်ဓာတ်ပါသော ဆေးများ တွဲဖက်သောက်နိုင်သည်။

၂။ ဝမ်းပုံမှန်သွားအောင် အကျင့်ပြုလုပ်ပေးခြင်း

မနက်တိုင်း ပုံမှန် အိမ်သာတွင် အကျင့်လုပ်၍ ဝမ်းသွားသင့်ပါသည်။ အိမ်သာ ထိုင်နည်းမှန်ကန်ရန်လည်းလိုအပ်ပါသည်။ ပုံတွင် ပြထားသည့်အတိုင်း အိမ်သာတက်လျှင် ကျင့်သုံးရပါမည်။

၃။ ဆေးဝါးဖြင့် ကုသခြင်း

ဝမ်းသွားလွယ်စေသော ဆေးများ ဝမ်းပျော့ဆေးများ (ဥပမာ- Avolac) ဝမ်း၏ ရေပမာဏကို များစေသောဆေးများ (ဥပမာ-Avolac) အူလမ်းကြောင်းကို လှုံ့ဆော်သောဆေးများ (ပွေးကိုင်း) အူလှုပ်ရှားမှုကို မြန်စေသော ဆေးများ Metoclopramide, Domperidone, Prucalopride ဝမ်းချူဆေးတောင့်များ

၄။ ခွဲစိတ်ကုသခြင်း

အူလမ်းကြောင်း ပိတ်ခြင်းနှင့် အူမကြီးကင်ဆာဖြစ်ခြင်းတို့တွင် ခွဲစိတ်ကုသမှုခံယူရန် လိုပါသည်။

ဝမ်းနှုတ်ဆေးများ၏ ဆိုးကျိုးများ

ဝမ်းနှုတ်ဆေးများကို ကြာရှည်စွာ သုံးစွဲပါက ခန္ဓာကိုယ်အတွင်း ပိုတတ်ဆီယမ်ဓာတ် လျော့နည်းခြင်းကြောင့် ကြွက်တက်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ မောပန်းလွယ်ခြင်းနှင့် နှလုံးခုန် မမှန်ခြင်းတို့ ဖြစ်တတ်ပါသည်။ အူလမ်းကြောင်း ကြွက်သားများ ညှစ်အားလျော့နည်းကာ နောင်တွင် ဝမ်းနှုတ်ဆေးမစားပါက ပုံမှန်ဝမ်းသွား၍ မရခြင်း ဖြစ်တတ်ပါသည်။

နှစ်ရှည်လများ ဝမ်းနှုတ်ဆေးစွဲ စားသူများ၏ အူမကြီးအမှေးပါး အရောင်ပြောင်းကာမူလအရောင်မှ အမည်းရောင် သို့မဟုတ် အညိုရောင်သို့ ပြောင်းသွားနိုင်ပါသည်။ တချို့သော ဝမ်းနုတ်ဆေးများသည် ဆီးချိုရောဂါကို ပိုဆိုးစေပါသည်။ ဆေးတချို့ကြောင့် ဗိုက်နာခြင်း၊ လေပွခြင်း၊ လေမလည်ခြင်း ဖြစ်တတ်ပါသည်။ အခြားသောဆေးများနှင့် အတူတွဲ၍ ဝမ်းနှုတ်ဆေးစားပါက ဝမ်းနှုတ်ဆေးကြောင့် အခြားသော ဆေးများ၏ အာနိသင် ထိရောက်မှု လျော့နည်းနိုင်ပါသည်။ အဓိကမှတ်ရန်မှာ ဝမ်းချုပ်ဝေဒနာသည် အများစုမှာ အစားအသောက်ပုံ မမှန်ခြင်း၊ ရေ အသောက်နည်းခြင်း၊ ဝမ်းကို အကျင့်လုပ်၍ မသွားခြင်း၊ အူလမ်းကြောင်းလှုပ်ရှားမှု မမှန်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းတို့ကြောင့် ဖြစ်ပါသည်။ သို့သော်လည်း ဝမ်းချုပ်ခြင်းသည် အူမကြီး ကင်ဆာ နှင့် အခြားသော အရေးကြီးသည့် ရောဂါများ၏ ကနဦ ရောဂါ လက္ခဏာလည်း ဖြစ်နိုင်ပါသည်။ မလိုအပ်ဘဲ ဝမ်းနှုတ်ဆေးများ မစားပါနှင့်။ အူမကြီးလမ်းကြောင်း ပိတ်၍ ဝမ်းချုပ်သူများတွင် ဝမ်းနှုတ်ဆေးကြောင့် အူပေါက်ခြင်း၊ ရောဂါပိုဆိုးခြင်း၊ အရေးပေါ်ခွဲစိတ်ရခြင်းတို့ ဖြစ်နိုင်ပါသည်။ လိပ်ခေါင်းရောဂါကြောင့် စအိုမှ သွေးဆင်းသူများ၊ ဝမ်းချုပ်၍ ညှစ်ရလျှင် ရင်ဘတ်အောင့်တတ်သော နှလုံးသွေးကြောကျဉ်း ရောဂါရှင်များနှင့် ဆေးဝါးများကြောင့်ဝမ်းချုပ်သူများသည် ဝမ်းပျော့ဆေး သောက်သင့်ပါသည်။ ဝမ်းချုပ်ဝေဒနာရှင် အများစုမှာ ေ ရနှင့် အရည်များများ သောက်ခြင်း၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများများစားခြင်း၊ လက်ဖက်ရည် ကော်ဖီ လျော့သောက်ခြင်း၊ဝမ်းချုပ်စေသော ဆေးများကို ရှောင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခြင်း၊ဝမ်းပုံမှန်သွားအောင် အလေ့အကျင့်ပြုလုပ်ခြင်း၊ စိုးရိမ်ပူပန်စိတ်များကို တတ်နိုင်သလောက် လျော့ချခြင်းနှင့် သင့်တော်သော ဝမ်းပျော့ဆေး တစ်မျိုးမျိုးကို သုံးစွဲခြင်းအားဖြင့် သက်သာ ပျောက်ကင်းနိုင်ပါသည်။


ပါမောက္ခ ဒေါက်တာ သိန်းမြင့်
M.B.,B.S, M.Med.Sc (Int.Med), MACTM (Aus),
Dr.Med.Sc (Gastroenterology), M.R.C.P (UK), F.R.C.P (Edin)
အစာအိမ်အူလမ်းကြောင်း အထူးကုသမားတော်ကြီး