နှလုံးသွေးကြောချဲ့ ကုသခြင်း ဆိုတာဘာလဲ။
နှလုံးသွေးကြောချဲ့ကုသခြင်းကို Coronary Angioplasty ဟူ၍လည်းကောင်း၊ Percutaneous Coronary Intervention (PCI) ဟူ၍လည်းကောင်း ခေါ်ပါသည်။ နှလုံးနံရံရှိ သွေးကြောတစ်နေရာရာတွင် သွေးခဲ ပိတ်သောအခါ ကျဉ်းနေသော (သို့မဟုတ်) ပိတ်နေသော သွေးကြောပြန်ဖွင့်ရန်အတွက် သေးငယ်သော ဘောလုံးဖြစ်စေ၊ သေးငယ်သော ပလတ်စတစ်ပိုက်ဖြစ်စေ အသုံးပြု၍ကုသနည်း ဖြစ်ပါသည်။ လိုအပ်လျှင် Stent ဟုခေါ်သော သွေးကြောချဲ့ကိရိယာကို အသုံးပြု၍ ချဲ့ရသောနည်း ဖြစ်ပါသည်။
အဘယ့်ကြောင့် သွေးကြောချဲ့ရန်လိုအပ်ပါသလဲ။
သင်သည် နှလုံးသွေးကြောကျဉ်းရောဂါရှိလျှင် (သို့မဟုတ်) ရုတ်တရက် နှလုံးသွေးကြောပိတ်လျှင် နှလုံးနံရံ ကြွက်သားများသို့ သွေးမရောက်သောကြောင့် အလွန်အမင်း ရင်ဘတ်အောင့်ခြင်း ဖြစ်တတ်ပါသည်။ ထို အခါ နှလုံးသို့ သွေးပုံမှန် ပြန်ရောက်ရန်အတွက် သင့်ဆရာဝန်က သွေးကြောချဲ့ဖို့လိုအပ်ကြောင်း အကြံပြု မည်ဖြစ်သည််။ သင့်ရောဂါလက္ခဏာပေါ်မူတည်၍ အရေးပေါ်ဖြစ်စေ၊ ရက်ချိန်းနှင့်ဖြစ်စေ ပြုလုပ်ရမည်။ သွေး ကြောလုံးဝပိတ်ခြင်းသည် နှလုံးရှိကြွက်သားများ လိုအပ်သောအောက်ဆီဂျင်မရသဖြင့် ကြွက်သားပုပ်ခြင်း ဖြစ်နို်င်သောကြောင့် အသက်အန္တရာယ်မဖြစ်စေရန် အရေးပေါ်သွေးကြောချဲ့ရမည်ဖြစ်သည်။
ရင်ဘတ်အောင့်ခြင်း (Angina) ဆိုတာ ဘာလဲ။
ရင်ဘတ်အောင့်ခြင်းဆိုသည်မှာ နှလုံးသွေးကြောတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ကျဉ်းသောကြောင့် ခံစားရသောရောဂါလက္ခဏာ ဖြစ်ပါသည်။ ပုံမှန်လှုပ်ရှားချိန်တွင် သိပ်မခံစားရသော်လည်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ အမြင့်တက်ခြင်း၊ ပြေးခြင်းများပြုလုပ်ပါက သိသိသာသာခံစားရတတ်သည်။ ဆရာဝန် ပေးထားသော ဆေးသောက်၍ဖြစ်စေ၊ အနားယူ၍ဖြစ်စေ သက်သာလေ့ရှိသည်။ သင်သည် ရင်ဘတ်အောင့်ခြင်း ဝေဒနာကို ခံစားနေရလျှင် ချက်ချင်း ဆရာဝန် ပြသင့်ပါသည်။
နှလုံးသွေးကြောပိတ်ခြင်းဆိုသည်မှာ အဘယ်နည်း။
နှလုံးသွေးကြောပိတ်သောကြောင့် နှလုံးကြွက်သားများ အောက်ဆီဂျင်နှင့် သွေးမရောက်သဖြင့် ရုတ်တရက် မခံမရပ်နိုင် ရင်ဘတ်အောင့်ခြင်း၊ အမောဖောက်ခြင်းကို HEART ATTACK ဟုခေါ်ပါသည်။ နှလုံးသွေးကြော နံရံများတွင် ကိုလက်စထရောနှင့် အခြားဆဲလ်များ စုပုံလာရာမှ သွေးကြောကျဉ်းလာပြီး တဖြည်းဖြည်း ပိတ်လာသောကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် အသက်အန္တရာယ်ရှိနိုင်သောကြောင့် ဆေးရုံသို့အမြန်ပို့၍ သွေးကြောချဲ့ကုသရန် လိုအပ်ပါသည်။
Stent ဖြင့် သွေးကြောချဲ့ကုသမှုအပြင် တခြားမည်သည့်ကုသနည်းများ ရှိပါသလဲ။
သင့်လက်ရှိရောဂါအခြေအနေသည် ဆေးသောက်ခြင်းတစ်ခုတည်းဖြင့် မထိန်းနိုင်သောကြောင့် သွေးကြော ချဲ့ကုသရန် ဆရာဝန်မှ ညွှန်ကြားခြင်းဖြစ်ပါသည်။ တခြားကုသနည်းများမှာ ရောဂါအခြေအနေပေါ်မူတည် ပြီး ဆေးသွင်း၍ သွေးခဲဖျော်ခြင်းနှင့် ခွဲစိတ်၍ နှလုံးသွေးကြောအစားထိုးခြင်းတို့ ဖြစ်သည်။
နှလုံးသွေးကြောတွင် Stent ထည့်၍ကုသခြင်းကို ဘယ်လိုပြုလုပ်ပါသလဲ။
နှလုံးသွေးကြောတွင် Stent ထည့်၍ ကုသခြင်းကို နှလုံးသွေးကြောချဲ့ဌာန (Cardiac Catheterization Laboratory) တွင် ပြုလုပ်ပါသည်။ မမြင်ဖူးသော စက်များကြောင့် ကြောက်စိတ်ဝင်နိုင်သော်လည်း သင့်အား အကူအညီပေးရန် ဆရာဝန်၊ ဆရာမများက သင်နှင့်အနီးကပ်ရှိနေမည် ဖြစ်ပါသည်။ ကုသချိန် သည် ၁၅ မိနစ်မှ နာရီဝက်အတွင်းသာ ပျမ်းမျှကြာနိုင်သော်လည်း သွေးကြောပိတ်မှု အခြေအနေပေါ် မူတည်၍ အချိန်အပြောင်းအလဲ ဖြစ်နိုင်သည်။ ကုသသည့်ပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- သင်သည် X-ray စက်များရှိသော အခန်းရှိ ခုတင်တွင် လှဲနေရမည် ဖြစ်သည်။
- ပိုးသတ်ထားသော အခင်းများ၊ လိုအပ်သောပစ္စည်းများ ခင်းကျင်းပြီးလျှင် တာဝန်ကျ ဆရာမက သင့် လက်ဖျံကို ဖြစ်စေ၊ ပေါင်ခြံကို ဖြစ်စေ ဆေးရည်ဖြင့် သန့်စင်ပေးမည်။
- အပ်ထိုးမည့်နေရာတွင် နာကျင်မှုမရှိစေရန် ထုံဆေးထိုးပြီးမှ ကုသမှုစတင်မည်ဖြစ်သည်။
- သင်သည် ကုသချိန်အတွင်းနိုးနေမည်ဖြစ်ပြီး တစ်ခါတစ်ရံနှလုံးခုန်မမှန်ခြင်းကို ခံစားရရုံမှအပ တခြား နာကျင်မှုများမရှိပါ။
- သင့်နှလုံးဆရာဝန်သည် သေးငယ်သော ပိုက်များ၊ ပိုက်ထိပ်တွင်တပ်ထားသော ဘောလုံးနှင့် stent များအသုံးပြု၍ သွေးကြောချဲ့ပါမည်။
- ထိုပိုက်မှတဆင့် ပုံရိပ်ဖော်ဆေးအနည်းငယ်ကို ထိုး၍ X-ray စက်ဖြင့် ပုံရိပ်များ ရိုက်ယူကြည့်ရှုမည်။
- သွေးကြောပိတ်သောနေရာတွင် ထောက်တိုင် (Stent) အား ဘောလုံးဖြင့်တွန်းတင်၍ ထားခဲ့မည်။
- ထောက်တိုင်သည် ဆေးရည်စိမ်သည့် ထောက်တိုင် (Drug-eluting Stent) နှင့် ရိုးရိုးထောက်တိုင်် (Bare Metal Stent) ဟူ၍ နှစ်မျိုးရှိသည်။ သင့်ဆရာဝန်မှ သင့်တော်သောထောက်တိုင်ကို သင်နှင့် တိုင်ပင်၍ ရွေးချယ်မည် ဖြစ်သည်။ ၉။ ကုသမှုပြီးဆုံးလျှင် ပိုက်ငယ်များအားပြန်ထုတ်၍ သွေးမထွက်စေရန် ထိန်းပေးသော ကိရိယာဖြင့် ဖိထားမည်ဖြစ်သည်။
ကုသမှုမတိုင်မီ ဆောင်ရန်ရှောင်ရန်များမှာ အဘယ်နည်း။
ကုသမှုမတိုင်မီ ဆေးရုံရှိ တာဝန်ကျ ဆရာဝန်၊ ဆရာမများက လိုက်နာရမည့်အချက်များအား မှာကြားမည် ဖြစ်ပါသည်။ သင်၏ ဆီးချိုဆေးများ၊ သွေးကြဲဆေးများအား ကြိုတင်၍ ရပ်ခိုင်းခြင်း၊ သွေးကြောချဲ့မကုသမီ အစာနှင့်ရေကို ရ-၈နာရီခန့် ကြိုတင်၍ ဖြတ်ထားခြင်း၊ ကုထုံးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက် များ၊ ကောင်းကျိုးဆိုးကျိုးများကို သဘောပေါက်နားလည်အောင်ဖတ်ပြီး ကုသမှုသဘောတူညီချက် လက်မှတ် ရေးထိုးခြင်းများ ပြုလုပ်ရမည်။
ကုသမှုပြီးပြီးချင်း ဆောင်ရန် ရှောင်ရန်များမှာ အဘယ်နည်း ။
ကုသမှုပြီးပြီးချင်း ကုတင်ပေါ်တွင် နည်းနည်းမှ မလှုပ်ဘဲ ၂နာရီမှ ၆နာရီကြာအောင် နားနေရမည်။ ထို့နောက် အနည်းငယ်လှုပ်ရှားမှုပြုနိုင်ပြီး ခွဲစိတ်ထားသည့်အနာအား နောက်နေ့မနက်တွင် လာရောက်ဆေးထည့်ပြီး နောက် ရေချိုးနိုင်ပါမည်။ ခွဲစိတ်ထားသည့် လက်/ခြေထောက်မှနာခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း၊ သွေးထွက်ခြင်း များရှိက ဆရာဝန်/ဆရာမများအား အကြောင်းကြားပါ။ ခွဲစိတ်ထားသည့် လက်/ခြေထောက်အား ၂၄နာရီ အတွင်း လှုပ်ရှားမှု သိပ်မလုပ်ရန်၊ ၃ရက်အတွင်း အားစိုက်လုပ်ရသော အလေးမခြင်း၊ ကားမောင်းခြင်းများ မပြုလုပ်ရန် လိုအပ်ပါသည်။ အိမ်ပြန်ရောက်၍ ခွဲစိတ်ထားသည့် လက်/ခြေထောက်မှနာခြင်း၊ ထုံခြင်း၊ ကျဉ် ခြင်း၊ သွေးထွက်ခြင်းများရှိက ဆေးရုံသို့ပြန်လာပြပါ။ သင်၏အခြေအနေပေါ်မူတည်၍ ထပ်မံမှာကြားသည် များကိုလည်း လိုက်နာရန်လိုအပ်ပါသည်။
သွေးကြောချဲ့ကုသမှုပြီးလျှင် ရောဂါလုံးဝပျောက်ကင််းသွားပြီလား။
သွေးကြောချဲ့ခြင်းသည် ရောဂါကိုအမြစ်ပြတ်ကုသခြင်း မဟုတ်ပါ။ ပိတ်နေသောနှလုံးသွေးကြောကို ချဲ့၍ သွေးပုံမှန်ပြန်စီးစေရန် လုပ်ဆောင််ခြင်းသာဖြစ်သည်။ ဆရာဝန်မှ ညွှန်ကြားသော ဆေးများ နေ့စဉ်ပုံမှန် သောက်ခြင်း၊ လူနေမှုပုံစံပြောင်းလဲခြင်းများ မပြုလုပ်ပါက သွေးကြော ပြန်ပိတ်တတ်ပါသည်။ ထို့ကြောင့် သွေးပေါင်ချိန်ထိန်းခြင်း၊ ဆီးချိုထိန်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင််း၊ ကိုယ်အလေးချိန်ချခြင်း၊ ဆေးလိပ် ဖြတ်ခြင်း၊ အရက်ရှောင်ခြင်း စသည်တို့ကို အလေးပေး၍ လုပ်ဆောင်ရပါမည်။
သွေးကြောချဲ့ကုသမှုတွင်် မည်သည့်အန္တရာယ်များ ရှိနိုင်ပါသလဲ။
ပုံမှန်အားဖြင့် ကုသမှုတွင် အန္တရာယ်များနှင့် နောက်ဆက်တွဲဆိုးကျိုးများ မရှိသလောက် နည်းပါးသော် လည်း အပ်ထိုးထားသောနေရာမှ သွေးမတိတ်ခြင်း၊ သွေးခဲပိတ်ခြင်း၊ အနာတွင်် ရောဂါပိုးဝင်ခြင်း စသည် တို့ ရံဖန်ရံခါ တွေ့ကြုံရတတ်ပါသည်။ ရှားပါးသော နောက်ဆက်တွဲဆိုးကျိုးများအနေနှင့် ချဲ့ထားသော သွေးကြောများပြန်ပိတ်ခြင်းကြောင့် ခွဲစိတ်ရန်လိုအပ်ခြင်း၊ လေဖျန်းလေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။
Specialties
24 hour services
Centers & Clinics