January 21, 2021

နှလုံးသွေးကြောချဲ့ ကုသခြင်း ဆိုတာဘာလဲ။

နှလုံးသွေးကြောချဲ့ကုသခြင်းကို Coronary Angioplasty ဟူ၍လည်းကောင်း၊Precutaneous Coronary Intervention (PCI) ဟူ၍လည်းကောင်း ခေါ်ပါသည်။နှလုံးနံရံရှိ သွေးကြောတစ်နေရာရာတွင် သွေးခဲပိတ်သောအခါ ကျဉ်းနေသော (သို့မဟုတ်)ပိတ်နေသော သွေးကြောပြန်ဖွင့်ရန်အတွက် သေးငယ်သော ဘောလုံးဖြစ်စေ၊သေးငယ်သော ပလတ်စတစ် ပိုက်ဖြစ်စေ အသုံးပြု၍ကုသနည်း ဖြစ်ပါသည်။လိုအပ်လျှင် Stent ဟုခေါ်သော သွေးကြောခဲျ့ကိရိယာကို အသုံးပြု၍ ချဲ့ရသောနည်း ဖြစ်ပါသည်။

အဘယ်ကြောင့် သွေးကြောချဲ့ရန် လိုအပ်ပါသလဲ။

သင်သည် နှလုံးသွေးကြောကျဉ်းရောဂါ ရှိလျှင် (သို့မဟုတ်) ရုတ်တရက် နှလုံးသွေးကြောပိတ်လျှင် နှလုံးနံရံ ကြွက်သားများသို့ သွေးမရောက်သောကြောင့် အလွန်အမင်း ရင်ဘက်အောင့်ခြင်း ဖြစ်တတ်ပါသည်။ထိုအခါ နှလုံးသို့ သွေးပုံမှန် ပြန်ရောက်ရန်အတွက် သင့်ဆရာဝန်က သွေးကြောချဲ့ဖို့လိုအပ်ကြောင်း အကြံပြု မည်ဖြစ်သည်။သင့်ရောဂါလက္ခဏာပေါ်မူတည်၍ အရေးပေါ်ဖြစ်စေ၊ ရက်ချိန်းနှင့်ဖြစ်စေ ပြုလုပ်ရမည်။သွေးကြောလုံးဝပိတ်ခြင်းသည် နှလုံးရှိကြွက်သားများ လိုအပ်သော အောက်ဆီဂျင်မရသဖြင့် ကြွက်သားပုတ်ခြင်း ဖြစ်နိုင်သောကြောင့် အသက်အန္တရာယ်မဖြစ်စေရန် အရေးပေါ်သွေးကြောချဲ့ရမည်ဖြစ်သည်။

ရင်ဘတ်အောင့်ခြင်း (Angina) ဆိုတာ ဘာလဲ။

ရင်ဘက်အောင့်ခြင်းဆိုသည်မှာ နှလုံးသွေးကြောတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ကျဉ်းသောကြောင့် ခံစားရသောရောဂါလက္ခဏာ ဖြစ်ပါသည်။ပုံမှန်လှုပ်ရှားချိန်တွင် သိပ်မခံစားရသော်လည်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အမြင့်တတ်ခြင်း၊ ပြေးခြင်းများ ပြုလုပ်ပါက သိသိသာသာခံစားရတတ်သည်။ဆရာဝန် ပေးထားသော ဆေးသောက်၍ဖြစ်စေ၊ အနားယူ၍ဖြစ်စေ သက်သာလေ့ရှိသည်။သင်သည် ရင်ဘက်အောင့်ခြင်း ဝေဒနာကို ခံစားရလျှင် ချက်ချင်း ဆရာဝန် ပြသင့်ပါသည်။

နှလုံးသွေးကြောပိတ်ခြင်းဆိုသည်မှာ အဘယ်နည်း။

နှလုံးသွေးကြောပိတ်သောကြောင့် နှလုံးကြွက်သားများ အောက်ဆီဂျင်နှင့် သွေးမရောက်သဖြင့် ရုတ်တရက် မခံမရက်နိုင် ရင်ဘက်အောင့်ခြင်း၊ အမောဖောက်ခြင်းကို HEART ATTACK ဟုခေါ်ပါသည်။ နှလုံးသွေးကြောနံရံများတွင် ကိုလက်စထရောနှင့် အခြားဆဲလ်များ စုပုံလာရာမှ သွေးကြောကျဉ်းလာပြီး တဖြည်းဖြည်း ပိတ်လာသောကြောင့်ဖြစ်သည်။ထိုသို့ဖြစ်လျှင် အသက်အန္တရာယ်ရှိနိုင်သောကြောင့် ဆေးရုံသို့အမြန်ပို့၍ သွေးကြောချဲ့ကုသရန် လိုအပ်ပါသည်။

Stent ဖြင့် သွေးကြောချဲ့ကုသမှုအပြင် တခြားမည်သည့်ကုသနည်းများ ရှိပါသလဲ။

သင့်လက်ရှိရောဂါအခြေနေသည် ဆေးသောက်ခြင်း တစ်ခုတည်းဖြင့် မထိန်းနိုင်သော်ကြောင့် သွေးကြောချဲ့ကုသရန်ဆရာဝန်မှ ညွန်ကြားခြင်းဖြစ်ပါသည်။တခြားကုသနည်းများမှာ ရောဂါအခြေနေအပေါ်မူတည်ပြီး ဆေးသွင်း၍ သွေးခဲဖျော်ခြင်းနှင့်ခွဲစိတ်၍ နှလုံးသွေးကြောအစားထိုးခြင်းတို့ ဖြစ်သည်။

နှလုံးသွေးကြောတွင် Stent ထည့်၍ကုသခြင်းကို ဘယ်လိုပြုလုပ်ပါသလဲ။

နှလုံးသွေးကြောတွင် Stent ထည့်၍ ကုသခြင်းကို နှလုံးသွေးကြောခဲျ့ဌာန (Cardiac Catheterization Laboratory) တွင် ပြုလုပ်ပါသည်။မမြင်ဖူးသော စက်များကြောင့် ကြောက်စိတ်ဝင်နိုင်သော်လည်း သင့်အား အကူအညီပေးရန် ဆရာဝန်၊ဆရာမများက သင်နှင့်အနီးကပ်ရှိနိုင်နေမည် ဖြစ်ပါသည်။ကုသချိန်သည် ၁၅မိနစ် မှ နာရီဝက်အတွင်းသာ ပျမ်းမျှကြာနိုင်သော်လည်း သွေးကြောပိတ်မူ အခြေနေအပေါ်မူတည်၍ အချိန်အပြောင်းအလဲ ဖြစ်နိုင်သည်။ ကုသသည့်ပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  1. သင်သည် X-ray စက်များရှိသော အခန်းရှိ ခုတင်တွင် လှဲနေရမည် ဖြစ်သည်။
  2. ပိုးသတ်ထားသော အခင်းများ၊လိုအပ်သော ပစ္စည်းများ ခင်းကျင်းပြီးလျှင် တာဝန်ကျ ဆရာမက သင့်လက်ဖျံကိုဖြစ်စေ၊ ပေါင်ခြံကို ဖြစ်စေ ဆေးရည်ဖြင့် သန့်စင်ပေးမည်။
  3. အပ်ထိုးမည့်နေရာတွင် နာကျင်မူမရှိစေရန် ထုံဆေးထိုးပြီးမှ ကုသမူစတင်မည်ဖြစ်သည်။
  4. သင်သည် ကုသချိန်အတွင်းနိုးနေမည်ဖြစ်ပြီး တစ်ခါတစ်ရံနှလုံးခုန်မမှန်ခြင်းကို ခံစားရရုံမှအပ တခြားနာကျင်မူများမရှိပါ
  5. သင့်နှလုံးဆရာဝန်သည် သေးငယ်သော ပိုက်များ၊ပိုက်ထိပ်တွင်တပ်ထားသော ဘောလုံးနှင့် stent များအသုံးပြု၍ သွေးကြောချဲ့ပါမည်။
  6. ထိုပိုက်မှတဆင့်ပုံရိပ်ဖော်ဆေးအနည်းငယ်ကို ထိုး၍ X-rayစက်ဖြင့် ပုံရိပ်များ ရိုက်ယူကြည့်ရှုမည်။
  7. သွေးကြောပိတ်သောနေရာတွင် ထောက်တိုင် (Stent)အား ဘောလုံးဖြင့်တွန်းတင်၍ ထားခဲ့မည်။
  8. ထောက်တိုင်သည် ဆေးရည်စိမ်သည့် ထောက်တိုင် (Drug-eluting Stent) နှင့် ရိုးရိုးထောက်တိုင် (Bare Metal Stent)ဟူ၍ နှစ်မျိူးရှိသည်။ သင့်ဆရာဝန်မှ သင့်တော်သောထောက်တိုင်ကို သင်နှင့် တိုင်ပင်၍ ရွေးချယ်မည် ဖြစ်သည်။
  9. ကုသမှုပြီးဆုံးလျှင် ပိုက်ငယ်များအားပြန်ထုတ်၍ သွေးမထွက်စေရန် ထိန်းပေးသော ကိရိယာဖြင့် ဖိထားမည်ဖြစ်သည်။

ကုသမှုမတိုင်မီ ဆောင်ရန်ရှောင်ရန်များမှာ အဘယ်နည်း။

ကုသမူမတိုင်မီ ဆေးရုံရှိ တာဝန်ကျ ဆရာဝန်၊ဆရာမ များက လိုက်နာရမည့်အချက်များအား မှာကြားမည်ဖြစ်ပါသည်။ သင်၏ ဆီးချိူဆေးများ၊သွေးကြဲဆေးများအား ကြိုတင်၍ ရပ်ခိုင်းခြင်း၊ သွေးကြောချဲ့မကုသမီအစာနှင့်ရေကို ၇-၈ နာရီခန့် ကြိုတင်၍ ဖြတ်ခြင်း၊ကုထုံးနှင့်ပတ်သတ်သည့် အသေးစိတ်အချက်အလက်များ၊ကောင်းကျိူးဆိုးကျိူးများကို သဘောပေါက်နားလည်အောင်ဖတ်ပြီး ကုသမှုသဘောတူညီချက် လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ရမည်။

ကုသမှုပြီးပြီးချင်း ဆောင်ရန် ရှောင်ရန်များမှာ အဘယ်နည်း။

ကုသမှုပြီးပြီးချင်း ကုတင်ပေါ်တွင် နည်းနည်းမှ မလှုပ်ဘဲ ၂နာရီမှ ၆နာရီကြာအောင် နားနေရမည်။ထို့နောက်အနည်းငယ်လှုပ်ရှားပြုလုပ်နိုင်ပြီး ခွဲစိတ်ထားသည့်အနာအား နောက်နေ့မနက်တွင် လာရောက်ဆေးထည့်ပြီးနောက် ရေချိူုးနိုင်ပါမည်။

သွေးကြောချဲ့ကုသမှုပြီးလျှင် ရောဂါလုံးဝပျောက်ကင်းသွားပြီးလား။

သွေးကြောချဲ့ခြင်းသည် ရောဂါကိုအမြစ်ပြတ်ကုသခြင်း မဟုတ်ပါ။ပိတ်နေသောနှလုံးသွေးကြောကို ချဲ့၍ လုပ်ဆောင်ခြင်းသာဖြစ်သည်။ဆရာဝန်မှ ညွန်ကြားသော ဆေးများ နေ့စဉ်ပုံမှန် သောက်ခြင်း၊လူနေမှုပုံစံပြောင်းလဲခြင်းများ မပြုလုပ်ပါက သွေးကြောပြန်ပိတ်တတ်ပါသည်၊ထို့ကြောင့်သွေးပေါင်ချိန်ထိန်းခြင်း၊ဆီးချိူထိန်းခြင်း၊ပုံမှန်လေ့ကျင့်ခန်းခြင်း၊ကိုယ်အလေးချိန်ချခြင်း၊ဆေးလိပ်ဖြတ်ခြင်း၊အရက်ရှောင်ခြင်း စသည့်တို့ကို အလေးပေး၍ လုပ်ဆောင်ရပါမည်။

သွေးကြောချဲ့ကုသမှုတွင် မည်သည့်အန္တရာယ်များ ရှိနိုင်ပါသလဲ။

ပုံမှန်အားဖြင့် ကုသမှုတွင် အန္တရာယ်များနှင့် နောက်ဆက်တွဲဆိုးကျိူးများ မရှိသလောက် နည်းပါးသော်လည်း အပ်ထိုးထားသော နေရာမှ သွေးမတိတ်ခြင်း၊သွေးခဲပိတ်ခြင်း၊အနာတွင် ရောဂါပိုးဝင်ခြင်း စသည်တို့် ရံဖန်ရံခါ တွေ့ကြုံရတတ်ပါသည်။ရှားပါးသော နောက်ဆက်တွဲဆိုးကျိူးများအနေနှင့် ချဲ့ထားသော သွေးကြောများပြန်ပိတ်ခြင်းကြောင့် ခွဲစိတ်ရန်လိုအပ်ခြင်း၊လေဖျန်းလေဖြတ်ခြင်း၊ကျောက်ကပ်ပျက်စီးခြင်စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။