January 25, 2023

အသက်အရွယ်ရလာတာနှင့်အမျှ အရိုးပွခြင်းဟာ ကျွန်တော်တို့ဘဝထဲကို မသိမသာ ဝင်ရောက်လာပါတယ်။

အသက်အရွယ်ရလာတာနှင့်အမျှ အရိုးသန်မာရေးအတွက် လိုအပ်တဲ့ ကယ်ဆီယမ်၊ မက်ဂနီဆီယမ်၊ ဖော့စ်ဖရိတ်၊ ဗီတာမင်-ဒီ၊ ကော်လဂျင်များဟာလည်း လျော့နည်းလာကြတာဖြစ်လို့ အရိုးများရဲ့ သန်မာမှု၊ အရိုးသိပ်သည်းဆ၊ အရိုးလုပ်ငန်းဆောင်တာများဟာလည်း တဖြည်းဖြည်း ကျဆင်းလာကြပါတယ်။

အရိုးတစ်ရှူး အသစ်အသစ်တွေ ထုတ်လုပ်မှု အားနည်းပြီး အရိုးပျက်စီးမှုအား များလာတဲ့ အခါ အရိုးတွေဟာ ကြွပ်ဆက်လာတယ်၊ ဘာမှ ကြီးကြီးမားမား ထိခိုက်မှုမရှိဘဲ အလွယ်တကူ ကျိုးလွယ်တယ်၊ ခဏခဏ ကျိုးတာတွေ ဖြစ်လာတယ်။ ဒါကို အရိုးပွရောဂါလို့ ခေါ်ကြတာ ဖြစ်ပါတယ်။

အဲ့လိုတွေဖြစ်နေလည်း ဘာရောဂါလက္ခဏာမှ ကြိုတင်မပြတာကြောင့် အရိုးပွရောဂါရှိနေမှန်း တော်ရုံ သတိမထားမိတတ်ကြပါဘူး။ အရိုးကျိုးသွားတဲ့ အခါမှသာ အရိုးပွရောဂါရှိနေမှန်း သိကြတာ ဖြစ်ပါတယ်။

လက်ကောက်ဝတ်ရိုး၊ ကျောရိုးတစ်လျှောက်၊ တင်ပဆုံရိုးတွေမှာ အရိုးပွခြင်းဟာ အဖြစ်များပါတယ်။

အရိုးပွခြင်း မရှိခင် ကြိုတင်စစ်ဆေးပြီး ကာကွယ်ထားခြင်း နှင့် အရိုးပွခြင်းကို စောစီးစွာ သိရှိပြီး ကုသမှုများ ခံယူထားခြင်းကသာ အရိုးကျိုးခြင်းကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

အရိုးကျိုးခြင်း ဖြစ်သွားပါက နောက်ဆက်တွဲ ဝေဒနာများပါ တစ်ပါတည်း ကပ်ပါလာတတ်ပါတယ်။ ဥပမာ- ပေါင်ရိုးကျိုးသွားပါက သွားလာလှုပ်ရှားလို့ မရတော့ဘဲ အိပ်ယာပေါ် ကာလရှည်ကြာ လဲနေရတဲ့အခါ အခြားရောဂါများ ဆင့်ပွားဝင်လာတတ်ပါတယ်။ ကျောရိုး ကျိုးပါကလည်း ကာလရှည်ကြာ ခါးနာခြင်း၊ ခါးအာရုံကြောများ ထိခိုက်ခြင်းများ ဆင့်ကဲ ဖြစ်ပေါ်လာနိုင်ပါတယ်။

အရိုးပွခြင်းကြောင့် အရိုးကျိုးခြင်း မဖြစ်ရလေအောင် -

  • အရိုးကျန်းမာရေး အားဖြည့် အစားအစာများကို သင့်တင့်မျှတစွာ စားသုံးပေးပါ။
  • ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ပါ။
  • အရက်ကို လျော့သောက်ပါ။
  • လေ့ကျင့်ခန်းကို အနည်းဆုံး မိနစ်(၃၀)ခန့် နေ့စဥ် ပုံမှန်ပြုလုပ်ပေးပါ။
  • Osteoporosis Screening Package ဖြင့် အရိုးပွခြင်း ရှိမရှိ ကျန်းမာရေး စစ်ဆေးပေးပါ။
  • အရိုးပွခြင်း ရှိနေလျှင်လည်း Grand Hantha Osteoporosis Center မှာ အထူးကုဆရာဝန်ကြီးများနှင့် လာရောက်ပြသပြီး အရိုးအားဖြည့် သောက်ဆေး၊ ထိုးဆေးများ ပုံမှန် မှီဝဲပေးပါ။