August 4, 2022

WHO က 23.7.22 မှာ Monkeypox ရောဂါကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေ အဖြစ် ကြေငြာလိုက်ပါပြီ။

နိုင်ငံပေါင်း ၇၅ နိုင်ငံ ထိ ကူးစက်ပြန့်ပွားလျက်ရှိနေပြီး ထိုရောဂါဖြစ်ပွားမှု case ပေါင်း ၁၆၀၀၀ ခန့်ထိ တွေ့ရှိခဲ့ပြီး သေဆုံးသူမှာ ၅ ဦးရှိခဲ့ပြီလို့ WHO က ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ Covid ရောဂါ ပြန်လည်ထကြွလာစဥ်မှာ ဒါမျိုးသတင်းကြားရတော့ စိတ်မကောင်းစရာပါပဲဗျ။

သို့ပေမယ့် ဂရန်း(ဒ်)ဟံသာ မိတ်ဆွေများ အနေနှင့် အစိုးရိမ် မလွန်ကဲပဲ ကိုယ့်ဘက်က ဒီရောဂါအကြောင်း သိရှိနားလည်ထားပြီး ဆောင်ရန် ရှောင်ရန်များကို လိုက်နာ ဂရုပြုခြင်းဖြင့် မိမိကိုယ်ကို မကူးစက်အောင် နေကြရမှာဟာ မိမိတို့ တာဝန်ပါပဲ။

Monkeypox ခေါ် မျောက်ကျောက်ရောဂါဟာ ဗိုင်းရပ်(စ်) ရောဂါတစ်မျိုး ဖြစ်ပြီး ဘယ်လိုကူးစက်တတ်သလဲဆိုတော့ -

ရောဂါရှိသော တိရိစ္ဆာန်လေးတွေ (eg; ရှဥ့် ၊ မျောက်၊ ကြွက် ) ကို ထိတွေ့ကိုင်တွယ်မိခြင်း၊ အကိုက်ခံရခြင်း၊ သေချာ ကျက်အောင် မချက်ပြုတ်ထားသော မကျက်တကျက် အသားစိမ်းများ စားသုံးမိခြင်း မှ တစ်ဆင့် ကူးစက်နိုင်ပါတယ်။

ရောဂါ ကူးစက်ခံထားရသော လူရဲ့ ခန္ဓာကိုယ်မှ ထွက်သော အရည်များ နှင့် ထိတွေ့ကိုင်တွယ်မိခြင်း၊ အနာများနှင့် ထိတွေ့မိခြင်း၊ ပစ္စည်းများ ဘုံတူ သုံးစွဲခြင်း၊ နီးနီးကပ်ကပ်နေခြင်း၊ လိင်ဆက်ဆံခြင်း နှင့် လိင်တူဆက်ဆံခြင်း တို့မှ တစ်ဆင့်လည်း လူအချင်းချင်း ကူးစက်ပြန့်ပွားနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့လည်း အချင်းမှ တစ်ဆင့်ကူးစက်နိုင်တယ်လို့ ဆိုထားပါတယ်။

Monkeypox ဖြစ်ရင် ရောဂါလက္ခဏာ ဘယ်လိုပြသလဲဆိုတော့ -

အပျင်းဖျားခြင်း / ချမ်းတုံခြင်း / ခေါင်းထိုးကိုက်ခြင်း / ခြေလက်ကြွက်သားများ ကိုက်ခဲခြင်း / ခါးနာခြင်း/ အားအင်မရှိသလို ခံစားရခြင်း မှ အစပြုပြီး ၃ ရက်အတွင်း ခန္ဓာကိုယ်ရှိ အကြိတ်များ ကြီးလာခြင်း နှင့် သိသာထင်ရှားတဲ့ အရေပြားအနာ အကွက်များ ပေါ်လာပါမယ်။

အရေပြားအနာများမှာ ယားယံမယ်၊ အနီရောင်အနာကွက် သေးသေးလေးက စလို့ ရေကြည်ဖုလို အရည်များဖြင့် ဖောင်းကြွလာပြီး အထဲက အရည်များမှာ ပြည်ကဲ့သို့ အဝါရောင် အရည်များလည်း ဖြစ်နိုင်ပါတယ်။

အရေပြားအနာများမှာ မျက်နှာ နှင့် ခြေတွေ လက်တွေမှာ အဖြစ်များလေ့ရှိပြီး တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ် နှင့် private area များထိ ပျံ့နှံ့လာနိုင်ပါတယ်။

ထိုကဲသို့သော ရောဂါလက္ခဏာများဟာ များသောအားဖြင့် ၂ ပတ်မှ ၄ ပတ် အတွင်း သူ့အလိုလို သက်သာပျောက်ကင်းသွားတတ်ပါတယ်။ သို့သော်လည်း ကူးစက်မှုပုံစံ၊ ကူးစက်မှု ဘယ်လောက်ပြင်းထန်သလဲ၊ virus ရဲ့ strain၊ စသည့် အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး မပျောက်ကင်းဘဲ နောက်ဆက်တွဲ ဆိုးကျိုးများ ဝင်သွားပြီး အသက်ဆုံးရှုံးရခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

ရောဂါအကြောင်း သိထားသင့်သလောက်လည်း သိပြီးပြီဆိုတော့ ကိုယ့်ဘက်က တတ်နိုင်တာက ဆောင်ရန် ရှောင်ရန် အချက်အလက်တွေကို ဂရုတစိုက် လိုက်နာထားဖို့ပါပဲ။

  • ဆပ်ပြာ၊ အရက်ပြန်များဖြင့် လက်ကို အမြဲဆေးပါ။
  • Mask တပ်ပါ။
  • အချင်းချင်း အသုံးဆောင်ပစ္စည်းများ မျှဝေသုံးစွဲခြင်း၊ နီးနီးကပ်ကပ်နေခြင်း ရှောင်ကြဥ်ပါ။
  • အတူနေသူ လက်တွဲဖော်ကို ရောဂါအကြောင်းအသိပေးပါ၊ မကူးစက်အောင် အတူမနေခြင်းဖြင့် ရှောင်ကြဥ်ပါ။
  • တိရိစ္ဆာန်လေးများကို ဆင်ခြင်မဲ့စွာ ထိတွေ့ ပွတ်သပ်ခြင်းမှ ရှောင်ကြဥ်ပါ။

ဆိုတော့ အဓိကကတော့ အသက်အရမ်းငယ်လွန်း၊ကြီးလွန်းသူ၊ ကိုယ်ခံအား မကောင်းသူ၊ ရောဂါ အခံများသူ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဓာတ်ခွဲနမူနာစစ်ဆေးသော ဝန်ထမ်းများ အထူး သတိထား အကာအကွယ် ယူသင့်ပါတယ်။ ဂရန်း(ဒ်)ဟံသာ ဆေးရုံကြီး၏ စာဖတ်ပရိတ်သတ်များ အနေနှင့် မျောက်ကျောက်ရောဂါ အကြောင်း သိသွားပြီဆိုတော့ အခြားသူများလည်း ဗဟုသုတရအောင် ဤ post လေးကို share လုပ်ပေးခြင်းဖြင့် ကူညီကြရအောင်။

Reference ; https://www.who.int/news-room/fact-sheets/detail/monkeypox

https://www.who.int/director-general/speeches/detail/who-director-general-s-statement-on-the-press-conference-following-IHR-emergency-committee-regarding-the-multi--country-outbreak-of-monkeypox--23-july-2022