“မိုင်လိုးမား (Myeloma) ဟုခေါ်သော ရိုးတွင်းချဉ်ဆီ သွေးကင်ဆာရောဂါတစ်မျိုးအကြောင်း မှတ်သားဖွယ်"
ရိုးတွင်းချဉ်ဆီ သွေးကင်ဆာ အမျိုးအစား အမျိုးမျိုးရှိသည့်အနက် မိုင်လိုးမား (Myeloma) ဟုခေါ်သော ရိုးတွင်းချဉ်ဆီ သွေးကင်ဆာရောဂါတစ်မျိုးသည် တစ်ခါတစ်ရံ ရောဂါ၏နောက်ဆက်တွဲ ဝေဒနာများခံစားရသော အခြေအနေရောက်မှာသာ နောက်ကျစွာ သိရှိတတ်ပါသည်။ အဓိက အကြောင်းအရင်းမှာ တစ်ခါတစ်ရံ ထိုရောဂါ၏လက္ခဏာများသည် အခြားသွေးကင်ဆာရောဂါ အပြင်းများကဲ့သို့ ရောဂါပိုးဝင်၍ဖျားနာမကျန်းဖြစ်ခြင်း၊ သွေးအားနည်းလက္ခဏာ အလွန်အမင်း မခံစားရခြင်း၊ ခန္ဒာကိုယ်မှ သွေးယိုစီး သွေးထွက် လက္ခဏာများ ဖြစ်ပေါ်လေ့ မရှိခြင်းတို့ကြောင့် စစ်ဆေးတွေ့ရှိမှု နောက်ကျတက်လေ့ရှိသည်။
မိုင်လိုးမား (Myeloma) ဖြစ်ရသည့် အကြောင်းအရင်းများ
သွေးဖြူဥတစ်မျိုးသည် မျိုးဗီဇပြောင်းလည်းပြီး ပုံမှန်ထုတ်လုပ်နေကြ ပဋိပစ္စည်း (normal immunoglobulin) မထုတ်လုပ်တော့ဘဲ ပုံမှန်မဟုတ်သော ပဋိပစ္စည်းများ ( paraprotein, monoclonal light chain) ထုတ်လုပ်ပြီး နောက်ဆက်တွဲ ဇီဝကမ္မဖောက်ပြန်မှုကြောင့် ခန္ဒာကိုယ်၏ အင်္ဂါ အစိတ်အပိုင်းများ၏ ပုံမှန်လုပ်ဆောင်မှုကို ထိခိုက်စေပြီး ရောဂါ လက္ခဏာ အမျိုးမျိုး ခံစားရခြင်း ဖြစ်ပါသည်။
မိုင်လိုးမား (Myeloma) ရောဂါဖြစ်သောလူနာတိုင်း ရောဂါလက္ခဏာမပေါ်ဘဲ တစ်ခါတစ်ရံ အခြားအကြောင်းကြောင်းများကြောင့် သွေးစစ်၊ ဆီးစစ်၊ ဓါတ်မှန်အစရှိသော စစ်ဆေးမှုများမှ တဆင့်စစ်ဆေးတွေ့ရှိတက်ပါသေးသည်။ အချို့လူနာများတွင် တစ်ရှောင်ရှောင်၊ တစ်နာနာဖြစ်ကာ တိကျသောဝေဒနာသီးသန့်ခံစားမှု မရှိခြင်းကြောင့် သွေးစစ်၊ဆီးစစ်၊ ဓါတ်မှန် ရိုက်သော အခါမှသာ တွေ့ရှိလေ့ရှိပါသည်။
သို့သော်လည်း ယေဘူယျအားဖြင့် မိုင်လိုးမား (Myeloma) ဝေဒနာရှင်များသည် အောက်ပါလက္ခဏာများ ခံစားရလေ့ရှိပါသည်။
- သွေးအားနည်းခြင်း၏ လက္ခဏာများဖြစ်သော နုံးချိလွယ်ခြင်း၊အမောလွယ်ခြင်း၊အပင်ပန်းမခံနိုင်ခြင်း အားနည်းခြင်း
- ခန္ဒာကိုယ်ခုခံအားနည်း၍ မကြာခဏ ဖျားနာ နာမကျန်းဖြစ်ခြင်း
- ကျောက်ကပ်ပျက်စီးမှု လက္ခဏာများဖြစ်ပေါ်ခြင်း
- ကျောရိုး၊ ခါးရိုး အစရှိသော အရိုးများ နာတာရှည် ကိုက်ခဲခြင်း၊ အရိုးနာခြင်း၊အရိုးကျိုးခြင်း
- ထုံးဓါတ် (Calcium) များခြင်း၏ နောက်ဆက်တွဲလက္ခဏာများဖြစ်သော ဦးနှောက်တွေဝေခြင်း၊ မှတ်ဉာဏ်ထိခိုက်ခြင်း၊ ဝမ်းချုပ်ခြင်း
- တစ်ခါတစ်ရံ သွေးယိုခြင်း၊ သွေးခြေဥလွယ်ခြင်း
မိုင်လိုးမား (Myeloma) ရောဂါကို စောစီးစွာစစ်ဆေးသိရှိပြီး ထိရောက်သော ဆေးကုသမှုခံယူပါက အခြားကင်ဆာရောဂါများနီးတူ ရောဂါကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပါသည်။ မျက်မှောက်ကာလတွင် ကုထုံးသစ်များ ထွက်ပေါ်လာသည့်အလျောက် ထိုဝေဒနာရောဂါသည်များ၏ သက်တမ်းမှာလည်း ယခင်ဆယ်စုနှစ်များမှ လူနာများထက် များစွာ ပိုမိုသက်တမ်းရှည်လာသည့် သာဓကများစွာ ရှိပါသည်။
အဖြေရှာမတွေ့သော သွေးအားနည်းရောဂါ ဖြစ်လျှင်သော်လည်းကောင်း၊ ကျောက်ကပ်ပျက်စီးရောဂါ ဖြစ်လျှင်သော်လည်းကောင်း၊ အရိုးကိုက်ခဲနာ အရိုးကျိုးလျှင်သော်လည်းကောင်း၊ ခန္ဒာကိုယ်တွင် ထုံးဓါတ်များကြောင်း သိလျှင်သော်လည်းကောင်း အစရှိသည်တို့မှ တစ်မျိုးမျိုး ဖြစ်ပေါ်ပါက မိုင်လိုးမား (Myeloma) ဟုတ်မဟုတ်ကို ဆေးပညာသမားတော် (သို့မဟုတ်) သွေးရောဂါဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
Specialties
24 hour services
Centers & Clinics